အိမ်နီးချင်းနိုင်ငံတွေ အပြန်အလှန်ကူညီပေးဖို့ စစ်ခေါင်းဆောင်ပြော

စက်မှုလက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေး ခေတ်မီတိုးတက်ရေးအတွက် မဲခေါင်-လန်ချန်း နိုင်ငံတွေအကြား အပြန်အလှန်အကူအညီပေးဖို့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

တရုတ်နဲ့ မြန်မာတို့ ပူးတွဲဥက္ကဋ္ဌ အနေနဲ့ဆောင်ရွက်တဲ့ လေးကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်တာလို့ စစ်ကောင်စီက ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းလို့ခေါ်တဲ့ Belt and Road Initiative (BRI) စီမံကိန်းနဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတွေအောက်ကနေ အချင်းချင်း အပြန်အလှန်အကူအညီပေးသင့်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံတွေကြား ပေါင်းစည်းဆက်နွှယ်မှု တိုးမြှင့်ရေး စီမံချက်တွေရေးဆွဲပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်ရမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေနဲ့ စိုက်ပျိုးရေးအခြေပြု စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းတွေအတွက် လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးကဏ္ဍကို ဦးစားပေးဆောင်ရွက်သွားသင့်တယ်လို့လည်း စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ၂၀၁၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတွေပါဝင်ပါတယ်။

ဒီအဖွဲ့မှာ တရုတ်နိုင်ငံက အမြဲတမ်းပူးတွဲ ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူထားပြီး ကျန်နိုင်ငံတွေက အလှည့်ကျ ပူးတွဲ ဥက္ကဋ္ဌတာဝန်ယူရတာပါ။

မြန်မာနိုင်ငံက အလှည့်ကျပူးတွဲဥက္ကဋ္ဌတာဝန်ကို၂၀၂၀ ပြည့်နှစ် ဩဂုတ်လကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိဆောင်ရွက်ခဲ့ပါတယ်။ လာမဲ့ ၂၀၂၄ ခုနှစ်အလှည့်ကျ ပူးတွဲဥက္ကဋ္ဌတာဝန်ကို ထိုင်းနိုင်ငံက တာဝန်ယူမှာဖြစ်ပါတယ်။

အွန်လိုင်းကနေ ရုပ်သံနဲ့ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၅ ရက်နေ့က ကျင်းပရာမှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီချန်း၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊ လာအို ပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့ပါတယ်။

ဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး တခြားနိုင်ငံတွေကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

Photo: ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့က အွန်လိုင်းမှတစ်ဆင့် ကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးတက်ရောက်လာသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *