ငါးသိုင်းချောင်းမြို့နယ် အခြေစိုက် အမြောက်တပ်မှ ကျဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နာရေးကို မိသားစုဝင်များက တိတ်တဆိတ်ပြုလုပ်

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ် မြှောက်စမ်းကျေးရွာအခြေစိုက် အမြောက်တပ်မှ စစ်ကောင်စီတပ်သားများ ရှေ့တန်းစစ်မျက်နှာပြင်တွင် အကျအဆုံးများပြားနေ၍ မိသားစုဝင်များက တိတ်တဆိတ် ရက်လည်ပြုလုပ်နေရကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။

အဆိုပါ တပ်မှ စစ်ကောင်စီတပ်အင်အား ဦးရေ ၇၀ ကျော်ကို ရခိုင်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကရင်ပြည်နယ်တို့သို့ ပြီးခဲ့သည့်ဒီဇင်ဘာလ ပထမအပတ်က ရှေ့တန်းစေလွှတ်ခဲ့ကာ တပ်ရင်းအလိုက် ကျဆုံးခဲ့ပြီး ရာထူးအနေဖြင့် ဗိုလ်ကြီးအဆင့်မှ တပ်ကြပ်ကြီးအဆင့်ရှိသူအထိ ပါဝင်ခဲ့သော်လည်း ကျဆုံးမှုများသည့်သတင်းကို တပ်ရင်းမှူးမှ လျို့ဝှက်ဖုံးကွယ်ထားကာ အထက်သို့ လိမ်ညာတင်ပြနေကြောင်း တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

“ အမြောက်တပ်က တပ်အင်အား၇၀ ကျော်ကို ရခိုင်နဲ့ရှမ်းမြောက်ကိုပို့တာများတယ်။ အနည်းအကျဉ်းကိုတော့ကရင်ပို့တယ်ပေါ့။ အခုကတပ်ရင်းတစ်ခုလုံးနီးပါးကျနေတာ။ ဒဏ်ရာရတဲ့သူတွေကလည်း တိုက်ပွဲပြန်ဝင် ထပ်ကျဆိုတော့ တပ်ရင်းမှူးက အပြင်ကို သတင်းပေါက်မှာစိုးလျှို့ ဝှက်ထားတာ။ အထက်ကိုအကျအဆုံးနည်းပါးနဲ့ ဒဏ်ရာရတာပဲရှိတယ်ဆိုပြီးစာရင်းလိမ်တင်ထားတယ်။ ကျဆုံးတဲ့အေရအတွက်က ၅၀ ကျော်လောက်ရှိတယ် ။တပ်ထဲမှာအင်အားနည်းနေပြီ။ပြန်ဖြည့်ဖို့မလွယ်တော့ဘူး”ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

ထို့အပြင်တပ်တွင်းကျဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ရက်လည်ဆွမ်းသွပ်ကို စုပေါင်းအနေအထားဖြင့် လုပ်ဆောင်နေရပြီး ကျဆုံးတပ်တွင်းမိသားစုဝင်များမှာ တပ်အပြင်သို့ တိတ်တဆိတ် ထွက်ခွာနေရကြောင်း တပ်တွင်းမိသားစုဝင်များထံက သိရသည်။

“တပ်ထဲမှာအကျအဆုံများနေတော့ ရက်လည်ကို စုပေါင်းလုပ်နေရတယ်။ ဘုန်းကြီးပင့်တာတောင် ခိုးကြောင်ခိုးဝှက်နဲ့ပင့်ရတယ်။ ကျဆုံးတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို တပ်ကနေ တိတ်တဆိတ်နဲ့ တပ်ထဲကနေထွက်ခိုင်းထားတယ်”ဟု တပ်တွင်းမိသားစုဝင်တစ်ဦးကဆိုသည်။

အဆိုပါ အမြောက်တပ်သည် ယခင်က တပ်အင်အား ၁၅၀ ကျော်ရှိရာမှ ရခိုင်၊ ရှမ်းမြောက်နှင့် ကရင်ပြည်နယ်သို့ အင်အား ၇၀ ကျော် ‌ရှေ့တန်းပို့ဆောင်ခဲ့ပြီးနောက် တပ်တွင်းအင်အား ၈၀ ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *