မန္တလေးမှာ စစ်အုပ်စု မိုက်ကြေးခွဲ ငွေညှစ်နေတာ မြင်လို့ ပြန်လှည့်ပြေးတဲ့ ဆိုင်ကယ် သေနတ်နဲ့ ပစ်ခံရ

ဆိုင်ကယ်မထိဘဲ လမ်းကူးနေတဲ့ အမျိုးသမီးကို ထိမှန်ပြီး ဒဏ်ရာရသူဟာ စစ်အုပ်စု သစ္စာခံ ဝန်ထမ်းဖြစ်နေ

မန္တလေးမြို့လယ် (၇၃)လမ်းမှာ လမ်းပိတ်ပြီး လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတဲ့ စစ်အုပ်စုကို မြင်လို့ နောက်ပြန်လှည့်ပြေးတဲ့ ဆိုင်ကယ်မောင်းသူကို စစ်အုပ်စုက သေနတ်နဲ့ လိုက်လံပစ်ခတ်ရာ ဆိုင်ကယ်မထိဘဲ လမ်းကူးနေတဲ့ အမျိုးသမီးတစ်ဦး ထိမှန် ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီဇင်ဘာ(၂၆)ရက် ဒီနေ့လည်(၁၂)နာရီက မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ (၇၃)လမ်းနဲ့ (၃၆)လမ်းထောင့်မှာ ယာဥ်လိုင်စင် စစ်ဆေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုက လမ်းပိတ်ဆို့ပြီး မိုက်ကြေးခွဲ ငွေညှစ်နေချိန် (၃၆)လမ်းအတိုင်း လာတဲ့ ဆိုင်ကယ်တစ်စီးက နောက်ပြန်လှည့် မောင်းပြေးတာလို့ ဆိုပါတယ်။

အဲ့ဒီ ဆိုင်ကယ်ကို စစ်အုပ်စုက လိုက်လံ ပစ်ခတ်ရာ ဆိုင်ကယ်စီးသူ မထိဘဲ လမ်းကူးနေတဲ့ အမျိုးသမီးကို ထိမှန်ခဲ့ပြီး အဲ့ဒီ ထိမှန်ဒဏ်ရာရသူဟာ စစ်အုပ်စု သစ္စာခံ ဝန်ထမ်း ဖြစ်တယ်လို့ ဆိုပါတယ်။

“ရင်ဘတ် ထိသွားတာ။ ဆွဲခေါ်သွားတာ တွေ့လိုက်တယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

အဲဒီ အမျိုးသမီးဟာ စစ်အုပ်စု ဝန်ထမ်းဖြစ်ပြီး ဆေးရုံကြီးမှာ ကုသနေရတယ်လို့ စစ်လော်ဘီတွေကလည်း ဆိုပါတယ်။

“ပစ်လိုက်တဲ့သူက ရဲ။ (ထိတဲ့သူက) ဝန်ထမ်း ဖြစ်နေတော့ သူလည်း စစ်ဆေးခံနေရတယ်။ ဘယ်ဌာန ကလည်းတော့ သေချာမသိဘူး” လို့ စစ်အုပ်စုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့မှာ စစ်အုပ်စု လက်နက်ကိုင်တွေ ဖြစ်တဲ့ စစ်သား၊ ရဲ၊ မော်တော်ပီကယ်၊ မီးသတ်၊ စည်ပင်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ပျူတွေ ပေါင်းပြီး အုပ်စုဖွဲ့ လက်နက်ကိုင် လမ်းပိတ်ဆို့ကာ ယာဥ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင် စစ်ဆေးတာတွေ အတင်းအကြပ် လုပ်နေကြောင်းနဲ့ မိုက်ကြေးခွဲ ငွေညှစ်ဓားပြတိုက် သလိုမျိုး အနည်းဆုံး ငွေကျပ် သုံးသောင်းကနေ တစ်သိန်းအထိ အတင်းအကြပ် ပေးဆောင်ခိုင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့အနှံ့ လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေသူတွေထဲ စည်ပင်ရဲ၊ မီးရထားရဲနဲ့ ပျူတွေက အဆိုးဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ အထက်ပါအတိုင်း စစ်အုပ်စုက လမ်းပေါ်တက် လက်နက်ပြ ငွေညှစ်ရင်း ပစ်ခတ်သတ်ဖြတ်လို့ သေဆုံးရတဲ့ ပြည်သူဟာလည်း ဆယ်ဂဏန်းနီးပါး ရှိနေပြီ ဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *