ရန်ကုန်-မန္တလေး မီးရထားခရီးစဉ်များ ၁ ရက် ၁ စင်းသာ ပြေးဆွဲတော့မည်ဟုဆို

ရန်ကုန်-မန္တလေးမီးရထားခရီးစဉ်များအား လုံခြုံရေးမပေးနိုင်တော့သဖြင့် တရက်တစင်းသာပြေးဆွဲပေးသွားတော့မည်ဖြစ်ကြောင်း မြန်မာ့မီးရထားနှင့် နီးစပ်သည့်အသိုက်အ၀န်းနှင့် မီးရထား CDM ၀န်ထမ်းများထံက သိရသည်။

“ရန်မန်းရထားက အရင်ပုံမှန်ပြေးနေတာကနေ ဒီနေ့ကစပြီး 5 Up, 6 Down ပဲ ထွက်တော့မယ်၊ အဲဒီလိုညွှန်ကြားချက်ထွက်လာတာပေါ့နော်၊ အစုန်တစင်း အဆန်တစင်း၊ နေ့ရထားနှစ်စင်းပဲရှိတော့မယ်” ဟု မြန်မာ့ မီးရထား(အထက်မြန်မာပြည်)နှင့် နီးစပ်သည့် မီးရထားခရီးသွား ကုန်သည်တဦးက ပြောသည်။

တရက်လျှင် အစုန်အမြန်ရထားနှစ်စင်း၊ အဆန်အမြန်ရထားနှစ်စင်းအပါအ၀င် အသွားအပြန် ခြောက်စင်းပြေးဆွဲ နေရာမှ၊ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှစ၍၊ ရန်ကုန်မှမန္တလေးအတွက် အမှတ်(၅)အဆန်အမြန်ရထားနှင့် မန္တလေးမှ ရန်ကုန်အတွက် အမှတ်(၆)အစုန်အမြန်ရထား တစင်းဆီဖြင့်သာ ပြေးဆွဲပေးသွားတော့မည်ဖြစ်ကြောင်း သိရသည်။

“စကစက လုံခြုံရေးမပေးနိုင်တော့လို့ ရထားခရီးစဉ်တွေရပ်ဆိုင်းထားရတာတွေရှိတယ်၊ ရန်ကုန်-မန္တလေး လမ်းပိုင်းလည်း ဒီလိုဖြစ်သွားပြီ(လုံခြုံရေးမပေးနိုင်တော့)လို့ပြောလို့ရတယ်၊ အခုက တရက်ကိုအစုန်တစင်း အဆန်တစင်းပဲဆွဲပေးတော့မယ်ပေါ့၊ မနက်ထွက် ည ရောက် ရထားတစင်းစီပဲ ရှိတော့မယ်လို့ သိရတယ်” ဟု စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ယနေ့အထိပါ၀င်နေသည့် မြန်မာ့မီးရထား CDM ၀န်ထမ်းတဦးက ပြောသည်။

တရက်လျင် အစုန်နှင့်အဆန် တစင်းစီဖြင့်သာပြေးဆွဲပေးသွားတော့မည့် ခရီးစဉ်များအဖြစ် ရန်ကုန်-မန္တလေး အမှတ်(၅)အဆန်အမြန်ရထားကို ရန်ကုန်မှ နံနက် ၅ နာရီတွင်ထွက်ခွာပြီး မန္တလေးသို့ ည ၁၀ နာရီ ၂၀ မိနစ် တွင်ဆိုက်ရောက်မည်ဖြစ်ကြောင်း၊ မန္တလေး-ရန်ကုန်အမှတ်(၆)အစုန်အမြန်ရထားကို မန္တလေးမှ နံနက် ၅ နာရီ တွင်ထွက်ခွာပြီး၊ ရန်ကုန်သို့ ည ၁၀ နာရီ ၃၀ မိနစ်တွင်ဆိုက်ရောက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားက ကြေညာ ထားသည်။

လမ်းခရီးတလျှောက် ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်နှင့် သာစည်ဘူတာတို့တွင်သာ ရပ်တန့်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့က ပဲခူးတိုင်း ကျောက်တံခါးဘူတာနှင့်ပိန်းဇလုတ်ဘူတာကြားတွင် ရထားလမ်းဗုံးပေါက်ကွဲမှုဖြစ်ပြီး လမ်းပိုင်းပိတ်ဆို့မှုဖြစ်ခဲ့တာကြောင့် ရန်ကုန်-မန္တလေး မီးခရီးစဉ်များဖျက်သိမ်းရပ်နားလိုက်ရသည်။

ထို့နောက် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်၊ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး မူလအတိုင်းပုံမှန်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားက ကြေညာခဲ့သေးသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *