ကသာမြို့နယ်၊ မိုးတားလေး ရဲစခန်းတွင် PDF တပ်ဖွဲ့များ ရောက်ရှိနေစဉ် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချမှု တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးရဲစခန်းတွင် PDF တပ်ဖွဲ့များ ရောက်ရှိနေစဉ် စစ်တပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချသဖြင့် တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံးကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်တချို့က ပြောဆိုသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန် PDF တပ်ဖွဲ့ဝင်တချို့က မိုးတားလေး ရဲစခန်းတွင် ရောက်ရှိနေစဉ် ဒလန်သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးလာရောက်ကျဲခဲ့ကြောင်း၊ ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချမှုကြောင့် မိုးတားလေး ရဲစခန်း အပါအဝင် အိမ်များစွာ ပျက်စီးထိခိုက်ခဲ့ပြီး PDF ၁ ဦးကျဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ကသာမြို့နယ်၊ မိုးတားလေးကျေးရွာမှာ မနေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန် ဒလန်ရဲ့ သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာနဲ့ လာရောက် တိုက်ခိုက်ပါတယ်။ မြို့လှ KPDF ရဲဘော် ၁ ဦး မြင့်မြတ်စွာကျဆုံးပြီးတော့ တော်လှန်ရေးရဲဘော် ၃ ဦးဒဏ်ရာ ရသွားပါတယ်။ လေကြောင်းနဲ့ ဗုံးကျဲချတာက ပေါင်၅၀၀ဗုံးနဲ့ ၂ လုံးချသွားပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက နယ်မြေ စိုးမိုးမှု မရှိနိုင်သော ဒေသများ၊ မြေပြင် စစ်ကောင်စီ ကြည်းတပ်များ မရောက်ရှိနိုင်သော ဒေသများကို လေ ကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်လျက်ရှိပြီး ပြည်သူများသေဆုံးထိခိုက်မှုနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *