နတ်သံကွင်း မြို့သိမ်းတိုက်ပွဲမှာ PDF ခြောက်ဦးအပါအဝင် ၁၁ ဦးသေဆုံး

မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသားတစ်ဦး နတ်သံကွင်းတိုက်ပွဲတွင်ကျဆုံး

ပဲခူးတိုင်း၊ နတ်သံကွင်းမြို့တိုက်ပွဲတွင် မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသား ကိုကောင်းထက်စံ (ခ) ရဲဘော်ဗြသုန် ကျဆုံးကြောင်း မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂထံက သိရသည်။

ဒီဇင်ဘာလ ၂၆ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သမဂ္ဂထံက သိရသည်။

ကိုကောင်းထက်စံသည် မြိတ်နည်းပညာတက္ကသိုလ်တွင် စက်မှုအင်ဂျင်နီယာဘာသာရပ်ကို သင်ယူနေဆဲ တတိယနှစ် ကျောင်းသားဖြစ်ပြီး စတုတ္ထအကြိမ် မြိတ်နည်းပညာကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ ၏ ကျောင်းသားထု အခွင့်အရေးတာဝန်ခံ ဖြစ်သည်။

အာဏာသိမ်းမှုဖြစ်စဥ်နောက်ပိုင်း မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တော်လှန်ရေးဦးဆောင် ကော်မတီဝင် အဖြစ် တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ကြောင်း သမဂ္ဂထံမှ သိရသည်။

ကိုကောင်းထက်စံသည် ကေအဲန်ယူ တပ်မဟာ (၃) ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ တပ်ရင်း ၉ တွင် တာဝန်ထမ်းဆောင်နေစဥ် နတ်သံကွင်းတိုက်ပွဲတွင် ကျဆုံးခြင်းဖြစ်ကြောင်း မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

“ကိုကောင်းထက်စံအပါအဝင် ကျဆုံးသွားခဲ့ရတဲ့ သမဂ္ဂကျောင်းသားရဲဘော်တွေ အများကြီးရှိတယ်။ ဒီရဲဘော်တွေရဲ့ လိုအင် ဆန္ဒဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်တည်ဆောက်ရေးအတွက် ကျန်ရှိနေ သေးတဲ့ ဆက်လက်တိုက်ပွဲဝင်နေဆဲ ကျောင်းသားသမဂ္ဂရဲဘော်တွေက မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်သွားပါမယ်လို့ ကတိပြုပါတယ်” ဟု ၎င်းက ဆိုသည်။

ကိုကောင်းထက်စံသည် နွေဦးတော်လှန်ရေးကာလအတွင်း မြိတ်နည်းပညာတက္ကသိုလ်က ပထမဆုံးကျဆုံးရသည့် ကျောင်းသားရဲဘော်တစ်ဦးဖြစ်ကြောင်း ၎င်းက ဆက်ပြောဆိုသည်။

ဒီဇင်ဘာလ ၂၆ ရက် နတ်သံကွင်းမြို့တိုက်ပွဲတွင် စစ်ကောင်စီဘက်ကလည်း ရှစ်ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး မြို့၏ တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ထားနိုင်ကြောင်း တောင်ပိုင်းတိုင်း၊ အထူးကွန်မန်ဒိုတပ်ရင်းက ယနေ့ (ဒီဇင်ဘာလ၂၇) နံနက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါနတ်သံကွင်းတိုက်ပွဲတွင် ရန်ကုန်နှင့် ပဲခူးတို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ငါးဖွဲ့ စုဖွဲ့ထားသည့် ဒေါင်းမင်းစစ်ကြောင်းက ရဲဘော်သတ္တိလည်းကျဆုံးခဲ့ကြောင်း ၎င်းစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ယခုနှစ် ဇူလိုင်လကလည်း ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားဟောင်းတစ်ဦး လောင်းလုံးမြို့နယ်၊ နခံတော တိုက်ပွဲတွင် ကျဆုံးခဲ့သည်။

နတ်သံကွင်း မြို့သိမ်းတိုက်ပွဲမှာ PDF ခြောက်ဦးအပါအဝင် ၁၁ ဦးသေဆုံး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း မြို့သိမ်းတိုက်ပွဲအတွင်း ကလေးငယ် ၄ ဦး အပါအဝင် အရပ်သား ငါးဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

“ ကာကွယ်ရေးတပ်ဖွဲ့ဝင် ခြောက်ဦးကျတယ်။ ဘယ်အဖွဲ့ကလည်းဆိုတာ လောလောဆယ်မပြောနိုင်သေးဘူး “ လို့ ကျောင်းသားတပ်မတော် (ABSDF) ရဲဘော်တဦးကအတည်ပြုပြောပါတယ်။

KNU/ KNLA ၊ ABSDF ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာလ ၂၆ ရက်၊ မနက် ၄ နာရီခန့်မှာ နတ်သံကွင်းမြို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကာ ကျဆုံးသူ ခြောက်ဦး အလောင်းနဲ့လက်နက်တွေ ပြန်မရဘူးလို့ သိရပါတယ်။

လက်ရှိမှာတော့ ညောင်လေးပင်ခရိုင်၊ ပဲနွယ်ကုန်းမြို့နဲ့ ကျောက်ကြီးမြို့ကြားမှာရှိတဲ့ စစ်တောင်းမြစ်ကမ်းဘေးက စစ်ရေးဗျူဟာအရ အရေးပါတဲ့ နတ်သံကွင်းမြို့ကို ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ပြီလို့ သိရပြီး နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ၊ PDF တာဝန်ရှိသူတဦးက ဆိုပါတယ်။

“ ကျွန်တော်တို့မြို့ကို ထိန်းထားနိုင်ပါပြီ၊ မြို့တွင်း လက်ကျန်နေရာတချို့ကို ရှင်းလင်းရေးလုပ်နေဆဲပါ။ တိုက်ပွဲအတွင်းအချက်အလက်တွေကို အသေးစိတ်ထုတ်ပြန်သွားပါမယ် “ လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲမှုး ရဲဘော်တင်ဦးက ပြောပါတယ်။

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ နတ်သံကွင်းမြို့ဟာ လူဦးရေ ကိုးထောင်နီးပါး ရှိပါတယ်။

တိုက်ပွဲကြာချိန် ၄ နာရီခန့်ကြာပြီးနောက် မနေ့က မနက် ၈ နာရီခန့်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက မြို့ကိုထိန်းချုပ်ထားနိုင်ခဲ့ပြီး စစ်ကောင်စီတပ်က နတ်သံကွင်းအနီးအနားက နေရာတွေကို လေကြောင်းကနေ တနေကုန်လာရောက်ဗုံးကြဲခဲ့တာပါ။

အဲဒီလို ဗုံးကြဲခဲ့တာကြောင့် ဒေသခံထောင်ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ကလေးငယ် လေးဦး အပါအဝင် အရပ်သား ငါးဦး သေဆုံးခဲ့တယ်လို့ အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတဦးက ဆိုပါတယ်။

“ မနေ့ကတော့ ကလေး လေးဦးနဲ့ လူကြီးတဦး ဆုံးတယ်လို့သိတယ်။ ဒါပေမယ့် အသေးစိတ်တော့မသိရသေးဘူး။ ကျွန်မတို့လည်း လွတ်အောင် ရှောင်နေရတာ “ လို့ ဒေသခံအမျိုးသမီးက ပြောပါတယ်။

ဒီနေ့မနက် ၆ နာရီခန့်မှာတော့ ပဲနွယ်ကုန်းဘက်က စစ်ကောင်စီတပ်တွေက နတ်သံကွင်းမြို့ကို စစ်ကြောင်းထိုးလာခဲ့ကာ နှစ်ဘက်တိုက်ပွဲ တနာရီနီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အထိနာတာကြောင့် ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်း စစ်တပ်စခန်းတွေကို စစ်ကောင်စီတပ်က ဆက်သွယ်ရာမှာ အသုံးပြုနေတဲ့ နတ်သံကွင်းတံတားကို KNU က ပြီးခဲ့တဲ့ ဇွန်လမှာတုန်းက ဖောက်ခွဲဖျက်ဆီးထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်ကလည်း ကျောက်ကြီးမြို့နယ် မှာရှိတဲ့ မုန်းမြို့မှာရှိတဲ့ စစ်ကောင်စီအခြေစိုတ် တပ်စခန်းတချို့ကို တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်သိမ်းယူခဲ့ပါသေးတယ်။

ရှမ်းမြောက်မှာ အောက်တိုဘာလ ၂၇ ရက် စစ်ဆင်ရေး ၁၀၂၇ စတင်ပြီးတဲ့နောက် နိုင်ငံတဝှမ်း မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဆင်နွှဲနေတာဖြစ်ပြီး ရန်ကုန်နဲ့ အနီးဆုံးမှာရှိတဲ့ ပဲခူးတိုင်းအတွင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိုးဖောက်တိုက်ခိုက်နေတာပါ။

လက်ရှိအချိန်အထိ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ PDF တွေနဲ့ တော်လှန်ရေးအင်အားစုတွေဟာ နတ်သံကွင်း အပါအဝင် မြို့နယ်ပေါင်း နှစ်ဆယ်ကျော်ကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ – Social Media


Comments

Leave a Reply

Your email address will not be published. Required fields are marked *