မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် အတူဆင်နွှဲခဲ့သည့်တိုက်ပွဲမှတ်တမ်း CDF မင်းတပ်ထုတ်ပြန်

ဒီဇင်ဘာအတွင်း စခန်းသိမ်းတိုက်ပွဲ ၂ခုနှင့် ထီးလင်းရေမျက်နီတိုက်ပွဲ၊ မင်းတပ်မြို့တိုက်ပွဲများဆင်နွှဲခဲ့ဟု အသိပေး

ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်က မဟာမိတ်များနှင့်ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲများဆင်နွှဲခဲ့မှု၊ မင်းတပ်မြို့ပေါ်တိုက်ပွဲဆင်နွှဲခဲ့မှု အခြေအနေများကို အသိပေးထုတ်ပြန်ထားသည်။

ယနေ့တွင် တိုက်ပွဲမှတ်တမ်း ရုပ်သံကို ဖော်ပြခဲ့ရာ မတူပီထယ်ဘွေးစခန်းသိမ်းတိုက်ပွဲ၊ ဂန့်ဂေါမြစ်သာဆည် စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲ၊ ထီးလင်းမြို့နယ်ရေမျက်နီ တိုက်ပွဲများတွင် CDF မင်းတပ် ရဲဘော်များ ပါဝင်တိုက်ခိုက်ခဲ့မှုများကို မြင်တွေ့ရသည်။

ဒီဇင်ဘာ ၄ရက်မှ ၁၂ရက်အတွင်း ထီးလင်းမြို့နယ် ရေမျက်နီတိုက်ပွဲများ၌ CDF မင်းတပ် ရဲဘော်များပါဝင်မှု၊ ဒီဇင်ဘာ ၁၈ရက်နှင့် ၁၉ရက်အတွင်း ထယ်ဘွေးတပ်စခန်း တိုက်ခိုက် မှု၊ ဒီဇင်ဘာ ၂၂ ရက်တွင် ဂန့်ဂေါ မြစ်သားဆည်စစ်ကောင်စီစခန်း တိုက်ခိုက်မှု အခြေအနေများကို ဖော်ပြထားသည်။

ရုပ်သံမှတ်တမ်းတွင် သိမ်းဆည်းရရှိခဲ့သည့် စစ်ကောင်စီတပ်စခန်းအတွင်း CDF မင်းတပ် ရဲဘော်များ ဝင်ရောက်မှု၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှု မြင်ကွင်းများလည်း ဖော်ပြထားသည်။

ဂန့်ဂေါ၊မတူပီနှင့် ထီးလင်းနယ်များ၌ ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများအတွင်း CDF မင်းတပ်မှ ရဲဘော် လေးဦးကျဆုံးကာ ၁၁ဦး ဒဏ်ရာရရှိထားကြောင်း အသိပေးထုတ်ပြန်ထားသည်။

ထို့အပြင် မင်းတပ်မြို့ပေါ် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်များကိုလည်း ဒီဇင်ဘာ ၈ရက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၃ရက်တွင်လည်း မင်းတပ်မြို့တွင်း စစ်ဆင်ရေးလုပ်ဆောင်ရာ စစ်ကောင်စီတပ်များ နေထိုင်ရာ ထွေအုပ်ရုံး၊ အ.ထ.က ကျောင်းနှင့် ရန်အောင်စေတီကင်းစခန်းနေရာများကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

စခန်းသိမ်းတိုက်ပွဲများ ဆက်လက်ဖော်ဆောင် နိုင်ရေးအတွက်လည်း Project Mindat 2024 ကမ်ပိန်းတွင် ပြည်သူများ ပါဝင်အားဖြည့်ကူညီပေးကြရန်လည်း CDF မင်းတပ်က အကူအညီတောင်းခံထားသည်။

ရုပ်သံ – CDF မင်းတပ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *