မြောက်ဦးမြို့ ခရိုင်ရဲစခန်းကို ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်

ရက္ခိုင့်တပ်တော်AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည် မြောက်ဦးမြို့တွင် မြောက်ဦး ခရိုင်ရဲစခန်းအား AA က အပြီးသတ် သိမ်းပိုက်လိုက်ပြီး ဖြစ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ဒီဇင်ဘာ ၂၆ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

“မြောက်ဦး ခရိုင်ရဲစခန်း ” အား ညနေ ၉ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီး ပလက်ဝအတွင်းမှ “ခဝဲဗျူဟာကုန်း” အားလည်း အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည် “ဟု ထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော် AA က မြောက်ဦးမြို့အတွင်း ရဲစခန်းများ သိမ်းပိုက် ရရှိနိုင်ရေး ပြီးခဲ့သည့် ရက်ပိုင်းမျာက ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် မြို့အဝင်အထွက်ရှိ ငွေတောင်ပေါက် သူတော်မတောင်စစ်စခန်းနှင့် မြောက်ဦးခရိုင်ရဲစခန်းတို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

မြောက်ဦးတွင် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ၃၇၇၊ ၃၇၈၊ ၅၄၀ တို့က မြို့အတွင်းနှင့် တိုက်ပွဲ ဖြစ်နေသည့်နေရာများကို လက်နက်ကြီးဆက်တိုက်ပစ်ခတ်ခြင်း ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်းကို ယမန်နေ့ က တစ်ရက်လုံး လုပ်ဆောင်ခဲ့သည်။

ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် ဒီဇင်ဘာ ၂၆ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ဆင်ချဆိပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး သေဆုံးခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းများကလည်း မြောက်ဦးမြို့ခံ ၉ ဦး သေဆုံးခဲ့ရကာ ၁၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိဆင်ချရပ်ကွက်အခြေနေမှာ နေအိမ်များအားလုံးနီးပါး ပြိုပျက်စီးနေပြီး ရပ်ကွက်နေသူများမှာ လုံခြုံမည့်နေရာတွင် ပုန်းခိုနေကြရသည်ဟု ဆင်ချဆိပ်ရပ်ကွက်တွင်းနေထိုင်သူ တစ်ဦးကပြောသည်။

“ရပ်ကွက်အားလုံးပျက်စီးကုန်ပါပီ။ တစ်ချို့အိမ်တွေဆိုပြို၊ တစ်ချို့အိမ်တွေကပေါက်၊ အပင်တွေကျိုး၊ လူတွေသေ။ ကျနော်တို့အားလုံးအခု တစ်နေရာမှာပုန်းနေကြရပါတယ်။ စားစရာလည်းသိပ်မရှိကြပါဘူး။ ဆားနဲ့ထမင်းပဲ။ ဒါလေးတောင်ဘယ်တော့ပြတ်မလဲမသိဘူး” ဟုပြောသည်။

ယင်းလက်နက်ကြီးများကြောင့် မြောက်ဦးမြို့အတွင်း နေအိမ်တစ်ချို့ မီးလောင်နေပြီး အစစ်ကောင်စီတပ်သားများမှလည်း ဒေသခံများအားဖမ်းဆီးခြင်း၊ လူနေအိမ်များအား ဝင်ရောက်စစ်ဆေးခြင်းတို့ လုပ်ဆောင်မှုကြောင့် သောင်းနှင့်ချီသည့် မြောက်ဦးမြို့ခံများမှာ မြို့ကိုစွန့်ခွာခဲ့ကြပြီဖြစ်သည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ ၅၄၀ တပ်နှင့် ၃၇၇ တပ်တို့က ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် မြောက်ဦးမြို့ရှိ ရခိုင်သမိုင်း ခေတ်အဆက်ဆက် ရေးထိုးထားသော ကျောက်စာတိုင်များနှင့် တန်ဖိုးဖြတ်၍ မရနိုင်သော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးခဲ့သည်။

မြောက်ဦးပြတိုက်ကို လက်နက်ကြီးပစ်ခတ် ဖျက်ဆီးခဲ့သည့် အာဏာသိမ်းစစ်ကောင်စီတပ် တုန့်ပြန်သွားမည်ဖြစ်ကြောင့် ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရကလည်း နိုင်ငံတကာက အရေးယူနိုင်ရန် ကြိုးပမ်းသွားမည်ဟု ဆိုသည်။

ထို့ပြင် အောင်မင်္ဂလာရပ်ကွက်နှင့် ဗန္ဓုလရပ်ကွက်တို့က ဒေသခံ အရပ်သား ၉ ဦး စစ်ကောင်စီတပ်သားများက လူသားဒိုင်းကာအဖြစ် ခေါ်ယူသွားပြီး ယနေ့အချိန်အထိ ပြန်လည်လွှတ်ပေးခြင်းနှင့် မိသားစုဝင်များမှာ လုံးဝ အဆက် အသွယ်မရရှိသေးကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *