သပိတ်ကျင်း တိုက်ပွဲမှာ စစ်အုပ်စု အထိနာ အသေများပြီးနောက် တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးကြဲနေ၊

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မန္တလေး – မိုးကုတ်လမ်းပေါ်က ချောင်းကြီးရွာအနီး ယမန်နေ့က စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ကာ စစ်အုပ်စု အထိနာ အသေများပြီးနောက် ဒီမနက်ပိုင်း တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးလာကြဲနေလို့ ပြည်သူတွေ ထွက်ပြေး နေရတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေကပြောပါတယ်။

ဒီနေ့ ဒီဇင်ဘာ(၂၇)ရက် မနက်(၈)နာရီကျော်မှာ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာနဲ့ ငါးတန့်အိုင်ရွာအနီးကို စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးကြဲနေတာ ဖြစ်ပြီး ‌ချောင်းကြီးရွာက ပြည်သူတွေ ထွက်ပြေးနေရကာ ကျေးရွာအတွင်း ပိတ်မိနေသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

“(၈)နာရီခွဲက တစ်ကြိမ်၊ (၉)နာရီက တစ်ကြိမ်၊ ပွဲဖြစ်တဲ့နေရာက ချောင်းကြီး အနောက်ဘက် တောင်ပေါ်၊ ငါးတန့်အိုင်ဘက်မှာ၊ ဂျက်ဖိုက်တာနဲ့”လို့ ဒေသခံ တော်လှန်ရေး ရဲဘော်တစ်ဦးက စစ်အုပ်စု တိုက်လေယာဉ်နဲ့ ဗုံးလာကြံနေတဲ့ အခြေအနေကို ပြောပါတယ်။

တိုက်လေယာဉ် သုံးစီးနဲ့ လေးကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။

ဒါ့အပြင် ချောင်းကြီးကျေးရွာ ရဲကင်းထိပ်က ကားလမ်းကို စစ်အုပ်စုက ပိတ်ဆို့ထားသလို ချောင်းကြီးနဲ့ အနီးဝန်းကျင်ရွာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းကား ပစ်ခတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မနေ့က စပြီး ချောင်းကြီးကျေးရွာဘက်မှာ စစ်အုပ်စု အင်အား ထပ်မံ ဖြည့်တင်းနေတာလည်း တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ(၂၅)ရက်၊ နေ့လည်ပိုင်းက ချောင်းကြီးကျေးရွာနဲ့ ငါးတန့်အိုင်ကျေးရွာအနီးက စစ်အုပ်စု အထိုင်စခန်းချနေတဲ့ ပွိုင့်ကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၅၀၉)တပ်ရင်း ၊ အမှတ်(၅၁၀) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် အမှတ်(၁) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင်ရုံး တပ်ဖွဲ့၊ သပိတ်ကျင်းတိုက်နယ် ပကဖ၊ ပြင်ဦးလွင်ခရိုင် Drone တပ်ဖွဲ့၊ အမှတ် (၂)ရွှေဘိုခရိုင် Drone တပ်ဖွဲ့၊ Northern Tiger Drone တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ (စစ်ရုံးချုပ်) က သတင်း ထုတ်ပြန်ပါတယ်။

အဲ့ဒီ စစ်အုပ်စု ပွိုင့်ကုန်းသိမ်း တိုက်ပွဲကနေ RPG တစ်လက် အပါအဝင် သေနတ် ခြောက်လက်၊ ဗုံးသီး၊ ကျည်၊ မိုင်း၊ Jammer (မိုင်းဖြတ်စက်)၊ လက်ကိုင်ဖုန်းနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်း ရရှိတယ်လို့ MoD က ဆိုပါတယ်။

သပိတ်ကျင်းမြို့နယ်၊ မန္တလေး – မိုးကုတ် လမ်းပေါ်က ချောင်းကြီးရွာ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်အုပ်စုက တစုံတရာ သတင်းဖြန့်တာ မရှိသေးပါဘူး။

ဒီဇင်ဘာလဆန်းကစပြီး စစ်အုပ်စု အင်အား(၁၀၀)လောက်နဲ့ သပိတ်ကျင်းနယ် ချောင်းကြီးကျေးရွာရဲ့ အနောက်ဘက် တောင်ကုန်းပေါ်မှာ စခန်းချနေပြီး ဒေသတွင်း ရွာစဉ်ပတ်မွှေ စီးနင်းအကြမ်းဖက်တာတွေ လုပ်နေသလို ဒီဇင်ဘာ(၁၁)ရက်ကလည်း ချောင်းကြီးကျေးရွာကို စစ်အုပ်စုက လက်နက်ကြီးနဲ့ ထုလို့ ကျေးရွာ အနောက်ဘက် ချောင်းထဲကို ကျရောက်ပေါက်ကွဲပြီး ထော်လာဂျီပေါ် သဲတင်နေတဲ့ ပြည်သူ တစ်ဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

သပိတ်ကျင်းနယ်၊ ချောင်းကြီးကျေးရွာနဲ့ တိုက်ပွဲက သိမ်းဆည်း ရရှိတဲ့ လက်နက်တွေ/Photo – NUG၊ CJ


Comments

Leave a Reply

Your email address will not be published. Required fields are marked *