အင်းစိန်ထောင်ရှေ့တွင် ဗုံးပေါက်ကွဲပြီး ကား ၂ စီးပျက်စီး၊ လူထိခိုက်မှု အခြေအနေ မသိရသေး

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်ထောင်ရှေ့တွင် ယနေ့ မွန်းလွဲပိုင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ကား ၂ စီးပျက်စီးကာ လူထိခိုက်မှု အခြေအနေ မသိရှိရသေးကြောင်း ဒေသပြည်သူများကပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် အင်းစိန်ထောင်နှင့်မျက်နှာချင်းဆိုင် ကားပါကင်အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး ကား ၂ စီးခန့် ပျက်စီးသွားကြောင်း၊ ယခုအခါ စစ်တပ်နှင့်ရဲက လမ်းများ ပိတ်ဆို့၍ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။

“ဒီနေ့ နေ့လည်တစ်နာရီဝန်းကျင်မှာအင်းစိန်ထောင်ရှေ့ မျက်နှာချင်းဆိုင် ကားရပ်နားရာနေရာမှာ ဗုံပေါက်တယ်ဗျ။အသံတော်တော်ကျယ်တယ်။ရပ်ထားတဲ့ကား နှစ်စီးလောက်ပျက်စီးတယ်။လူ အထိအခိုက်တော့မသိရဘူး။ အခုတော့လမ်းတွေပိတ်ပြီးစစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အင်းစိန်ထောင်အနီး နေထိုင်သူတစ်ဦးကမူ ဗုံးပေါက်ကွဲပြီးနောက် အင်းစိန် ထောင်အနီးဝန်းကျင်မှ ဆိုင်ခန်းများ ပိတ်သိမ်းသွားပြီး အသွားအလာ နည်းပါးသွားကြောင်း၊ စစ်တပ်က လမ်းသွားလမ်းလာလူငယ်တချို့ကို ခေါ်ယူ ဖမ်းဆီးသွားမှုလည်းရှိကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *