ဌာနဆိုင်ရာရုံးတွေ ပိတ်ထားရတဲ့ ကော့ကရိတ်မှာ မြန်မာ့စီးပွားရေးဘဏ် လည်ပတ်မှုလည်း ရပ်ဆိုင်း

စစ်ရေးအခြေအနေတွေကြောင့် ဌာနဆိုင်ရာလုပ်ငန်းတွေ လုံးဝလည်ပတ်မှု မရှိတော့တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က မြန်မာ့စီးပွားရေးဘဏ်ခွဲရဲ့ ဘဏ်လုပ်ငန်းလည်ပတ်မှုတွေကို စစ်ကောင်စီက ယာယီရပ်ဆိုင်းထားလိုက်ပါတယ်။

“ အခုက သိတဲ့အတိုင်းပဲ ဘယ်ရုံးမှ မရှိတော့ဘူး၊ ရှောင်သွားကြပြီးပေါ့နော်၊ ကြာပြီ၊ ပြည်နယ်ရုံးဘက်ကို အများစုပြောင်းသွားကြတာလေ၊ ဒီမှာ ဘယ်အစိုးရရုံးမှ မထိုင်တော့ဘူး ” လို့ အမည်မဖော်လိုတဲ့ ကော့ကရိတ်မြို့ Non CDM အရာရှိတဦးက DNA ကို ပြောပါတယ်။

ဝန်ထမ်းတွေရဲ့လစာထုတ်ပေးတာ၊ ပင်စင်လစာ ထုတ်ပေးတာနဲ့ တင်ဒါလုပ်ငန်းတွေ၊ နိုင်ငံပိုင် လုပ်ငန်းတွေအတွက် ငွေကြေးကိစ္စတွေ အဓိကလုပ်ပေးနေတဲ့ မြန်မာ့စီးပွားရေးဘဏ်ခွဲ အခုလိုရပ်ဆိုင်းသွားတာကြောင့် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေ လစာထုတ်ယူဖို့ အခက်တွေ့နေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ ကော့ကရိတ်ဘဏ်ခွဲမှာ လစာထုတ်ယူရမယ့် ဌာနဆိုင်ရာတွေ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေရဲ့ ဒီဇင်ဘာလအတွက် လစာကို သက်ဆိုင်ရာဌာန ပြည်နယ်ရုံးနဲ့ ညှိနှိုင်းပြီး မြန်မာ့စီးပွားရေးဘဏ် ဘားအံခရိုင်ဘဏ်ခွဲမှာ ထုတ်ယူဖို့ ညွှန်ကြားထားပါတယ်။

ဒါ့အပြင် အငြိမ်းစား ပင်စင်လစာတွေနဲ့ ငွေစုစာအုပ်တွေအနေနဲ့ ဘားအံဘဏ်ခွဲ၊ မြဝတီဘဏ်ခွဲ၊ ရန်ကုန်ဘဏ်ခွဲ၊ မန္တလေးဘဏ်ခွဲ၊ နေပြည်တော်ဘဏ်ခွဲ၊ ပဲခူးဘဏ်ခွဲ၊ ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်တို့က ခရိုင်ဘဏ်ခွဲတွေမှာ ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။

“ ကျွန်မက တိုက်ပွဲစဖြစ်ကတည်းက ရှောင်နေတော့ ရုံးနဲ့လည်း အဆက်အသွယ်ပြတ်နေတာ၊ လစာ ထုတ်ချင်ရင် ပြည်နယ်ရုံးမှာ လာယူလို့တော့ ပြောတယ်၊ ရှောင်နေတဲ့နေရာနဲ့ အရမ်းဝေးတော့ ရုံးဘက်ကို သွားဖို့အခက်အခဲတော့ ရှိနေတာပေါ့ ” လို့ ကော့ကရိတ်မြို့ခံ Non CDM ဝန်ထမ်းတဦးက ပြောပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသူတွေထဲက အစိုးရဝန်ထမ်းတချို့ သက်ဆိုင်ရာအစိုးရဌာနရုံး လုပ်ငန်းခွင်ကို ပြန်မဝင်တော့တာတွေလည်း ရှိနေပြီး အဲဒီလိုရုံးမတက်တဲ့ ဝန်ထမ်းတွေရဲ့ လစာအသုံးစရိတ်တွေကို ပေးတော့မှာ မဟုတ်ဘူးလို့ စစ်ကောင်စီက ဆိုထားပါတယ်။

“ ရုံးလာတက်ပေါ့၊ မတက်ရင် မပေးဘူး၊ ကျွန်မတို့က မတက်ရဲသေးတော့၊ မပေးရင်လည်း မယူရုံပဲ ရှိတာပေါ့၊ ကိုယ့်အသက်ထက် ဘာမှ အရေးမကြီးဘူးလေ ” လို့ အထက်ပါ Non CDM ဝန်ထမ်းက ဆက်ပြောပါတယ်။

ကော့ကရိတ်မြို့နဲ့ အနီးတဝိုက်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်ကစလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး လက်ရှိမှာ ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေတာ မရှိပေမယ့် စစ်ရေးတင်းမာမှုတွေကတော့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

ကော့ကရိတ်တိုက်ပွဲ မတိုင်မီက ဖြစ်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲတချို့မှာ အဲ့ဒီမြို့တွေက မြန်မာ့စီးပွားရေးဘဏ်ခွဲ အပါအဝင် ပုဂ္ဂလိကဘဏ်တွေမှာ ရှိနေတဲ့ လက်ကျန်ငွေသားတွေကို တော်လှန်ရေးအင်အားစုတွေက သိမ်းဆည်းလိုက်တာမျိုးတွေ ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကောလင်းမြို့ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့ပြီးနောက် ကောလင်းခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲ ကနေ ကျပ်သန်း ၉၅၀ ကျော်၊ ပုဂ္ဂလိကဘဏ် ငါးခုကနေ ကျပ် ၄၄ ဘီလီယံကျော်တို့ကို သိမ်းဆည်းခဲ့ တယ်လို့ NUG ကထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိကော့ကရိတ်မြို့က ပုဂ္ဂလိကဘဏ်ခွဲတွေလည်း ပိတ်ထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကော့ကရိတ်မြို့နဲ့ အနီးတဝိုက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး အခုလ တတိယအပတ်လောက်ကစပြီး ထိတွေ့တိုက်ပွဲတွေ ငြိမ်သက်သွားပြီး လက်နက်ကြီး ပစ်ခတ်မှုတွေလည်း နည်းပါးသွားလို့ မြို့ခံတချို့ နေအိမ်မှာ ပြန်နေကြတာတွေ ရှိနေပါတယ်။

ဒါပေမယ့် မနေ့က ညနေ ၄ နာရီဝန်းကျင်က ကော့ကရိတ်မြို့ အမှတ် (၇) တံတားဦးရပ်ကွက်ဘက်မှာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ထပ်ဖြစ်ခဲ့ပြီး နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ကော့ကရိတ်မြို့ခံတဦးက ပြောပါတယ်။

“ တိုက်ပွဲဖြစ်တာ တင့်ကားတွေနဲ့ လက်နက်ကြီးတွေနဲ့ မြို့ထဲမှာပဲ အဆင်ပြေတဲ့ နေရာကနေ ရပ်ပြီး ပစ်နေတာလေ၊ တံတားဦ ဗလီနောက်ကြောဘက်က တပိုင်းလုံးနီးပါး မီးလောင်သွားတာ ” လို့ သူက ပြောပါတယ်။

တိုက်ပွဲကြောင့် မီးလောင်ပျက်စီးသွားတဲ့ နေအိမ်အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

နှစ်ဖက်ပစ်ခတ်မှု တနာရီကျော် ဖြစ်ပွားပြီးနောက် ညပိုင်းမှာ လက်နက်ကြီး ပစ်ခတ်သံတွေသာ ကြားရပြီး ဒီကနေ့ မနက် ၇ နာရီလောက်ကလည်း နှစ်ဖက်ပစ်ခတ်သံတွေ ထပ်ကြားရတယ်လို့ ဆိုပါတယ်။

ဒီလိုအခြေအနေတွေကြောင့် နေရပ်ကို ပြန်သွားကြတဲ့ မြို့ခံတချို့ကလည်း ဒီကနေ့မှာ ပြန်လည်ထွက်ပြေး တိမ်းရှောင်လာရတယ်လို့ ဆိုပါတယ်။

လက်ရှိ ကော့ကရိတ်မြို့ပေါ် နေရာအများစုကို စစ်ကောင်စီဘက်က ထိန်းချုပ်ထားဆဲဖြစ်ပြီး ကော့ကရိတ်မြို့ပြင်က နေရာတချို့နဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပိုင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *