နမ္မတူမြို့ရှိ စစ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး နမ္မတူမြို့နယ် တစ်ခုလုံးကို အလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၊ ခမရ ၃၂၄ တပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ပြီး နမ္မတူမြို့နယ်တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။

ယနေ့ ဒီဇင်ဘာလ ၂၈ ရက် နံနက် အစောပိုင်း ၁ နာရီ မိနစ် ၃၀ အချိန်တွင် နမ္မတူမြို့ရှိ စစ်ကောင်စီ ဗျုဟာမှူးအခြေချ ကွပ်ကဲနေသည့် ခမရ ၃၂၄ တပ်စခန်းအပါအဝင် မန်စံတပ်စခန်း၊ ပန်သပြေတပ် စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ပြီး နမ္မတူ တစ်မြို့နယ်လုံးကို ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

နမ္မတူမြို့နယ်ကို ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် တအာင်းတပ်မတော် PSLF/TNLA မှ စတင်တိုက်ခိုက် ခဲ့ရာ ၄ ရက်အကြာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ နမ္မတူမြို့နယ်သည် စစ်ကောင်စီ၏ စစ်ဗျုဟာ-၂ လက်အောက်ခံ ခမရ-၃၂၄၊ ခလရ-၂၅၆ တို့မှ လာရောက်ထိုးစစ်ဆင် အခြေချလှုပ်ရှားသည့် မြို့နယ် တစ်ခုဖြစ်ကြောင်း၊ ၎င်းတပ်စခန်းများကို သိမ်းပိုက်မှုအတွင်းဟောင်ဝစ်ဇာ အမြောက် အပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်သုံးဆောင်ပစ္စည်းများရှင်းလင်းသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

နမ္မတူမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ Jet Fighter ဖြင့် ၂၅ ကြိမ် ၊ Y12 လေယာဥ် ဖြင့် ၂၇ ကြိမ် နှင့် တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi35 ဖြင့် ၉ ကြိမ် အသုံးပြု ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ သည့်အပြင် နမ္မတူမြို့ ခမရ-၃၂၄ တပ်စခန်းမှ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ၉၃ ကြိမ် ထက်မနည်း နမ္မတူမြိုတွင်းသို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုအပြင် စစ်ကောင်စီတပ်မှ Mi17 ထောက်ပို့ ယာဥ်ဖြင့် စစ်ကူအင်အားနှင့် လက်နက်ခဲယမ်းများ ၂ ကြိမ် နမ္မတူတပ်စခန်းကုန်းတွင် လာရောက် ပစ်ချထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

နမ္မတူမြို စခန်းသိမ်းတိုက်ပွဲ (၄)ရက်တာ ကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၆၁ ကြိမ်၊ ဗုံးကြဲချမှု အကြိမ်ပေါင်း ၂၁၈ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ၉၃ ကြိမ် ထက် မနည်း အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ပြည်သူလူထုနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်း ပစ်မှတ်ထား တိုက်ခိုက် မှု ကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး၊ ၈ ဦး ဒဏ်ရာ ရရှိကာ၊ ဗလီကျောင်း၊ ဘာသာရေးအဆောက် အဦး ဘုရားကျောင်းကန်များ၊ လူနေအိမ် ၇ လုံး လက်နက်ကြီးနှင့် လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခြင်း နှင့် လူနေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ယနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့အထိ တအာင်းတပ်မတော် PSLF/TNLA က နမ့်ဆန်မြို့၊ နမ့်ခမ်းမြို့ ၊မန်တုံမြို့၊ မိုင်းလုံမြို့တိုကို သိမ်းပိုက်ခဲ့ပြီးနောက် ပဥ္စမမြောက်မြို့အဖြစ် နမ္မတူမြိုကို အလုံးစုံ ထိန်းချုပ်ထားပြီဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန် သည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top