မြောက်ဦးခရိုင်ရဲစခန်းကို AA က သိမ်းပိုက်ပြီးနောက် မြောက်ဦး-မြောင်းဘွေ ရဲစခန်းကို AA ထပ်မံ တိုက်ခိုက်နေ

စစ်တပ်နှင့် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းနေထိုင်သည့် မြောက်ဦးမြို့နယ် မြောင်းဘွေရဲစခန်းကို ယနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ အာရုဏ်တက်ချိန်ကတည်းက စ၍ ရက္ခိုင့်တပ်တော် AA က ဝင်ရောက်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ရန်ကုန်- စစ်တွေသွားသည့် ကားလမ်းမကြီးအနီးတွင် တည်ရှိသည့် မြောင်းဘွေရဲစခန်းအတွင်းမှာ စစ်ကောင်စီ တပ်အင်အား ၇၀ ခန့်နေထိုင်ကြခြင်းဖြစ်ပြီး အဆိုပါ တပ်စခန်းကို ရက္ခိုင့်တပ်တော် AA က ဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ရဲစခန်းကို AA ကနေ ဝင်တိုက်တာပါ။ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်တာကတော့ ဒီကနေ့ အာရုဏ်တက်ချိန် ၄ နာရီကနေ ဝင်တိုက်တာပါ။ နှစ်ဖက်တိုက်ပွဲလည်း ဖြစ်နေတယ်။ အခုထိလည်း ရပ်လိုက် ပစ်ခတ်လိုက်ရှိနေတယ်။ လက်နက်ကြီးတွေကတော့ မြောက်ဦးနဲ့ မင်းပြားဖက်တွေက ပစ်တယ်။ အခုအထိလည်း ပစ်နေတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

မြောင်းဘွေကျေးရွာသည် မင်းပြား- မြောက်ဦးကြားတွင် တည်ရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းများမှစ၍ ဒေသခံများမှာ တိုက်ပွဲ ဖြစ်မည်ကို စိုးရိမ်၍ ကျေးရွာမှ တိမ်းရှောင်သွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်နေသည့်အချိန်အတွင်း မင်းပြား ကျိန်တောင်အခြေစိုက်နှင့် မြောက်ဦး စစ်ကောင်စီတပ်ရင်းများ ယမန့်နေ့ ည ကတည်းက စ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းလည်း မင်းပြားမြို့ခံများက ပြောဆိုသည်။

မင်းပြား မြို့ခံတစ်ဦးက “မင်းပြားနဲ့ မြောင်းဘွေက သိပ်မဝေးဘူးလေ။ ကျိန်းတောင်တပ်ရင်းတွေ လက်နက်ကြီးတွေနဲ့ မနေ့ည ၉ နာရီးကတည်းက ပစ်နေတာပါ။ တညလုံးပစ်တယ်။ လက်နက်ကြီး အရေအတွက် အလုံး၂၀ ကျော်နေပြီ။ အခု ၈ နာရီ ၃၀ ကနေ တစ်လုံးပစ်တယ်။ မြောင်းဘွေဖက်ကို ပစ်တာ။ အရင်ပစ်တဲ့ ပုံစံနဲ့တောင် မတူဘူး။ တစ်ဂျိမ်းဂျိမ်း ပစ်ခတ်နေတာ။ အသံးက အရမ်းကျယ်လောင်တယ်”ဟုပြောသည်။

ရက္ခိုင့်တပ်တော်AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည် မြောက်ဦးမြို့တွင် မြောက်ဦး ခရိုင်ရဲစခန်းအား AA က အပြီးသတ် သိမ်းပိုက်လိုက်ပြီး ဖြစ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ဒီဇင်ဘာ ၂၆ ရက်နေ့ ညက ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *