ခြေတစ်ဖက်ဆုံးရှုံးသွားတဲ့ KNDF ၉ တန်းကျောင်းသား

ကမ္ဘာကျော် သတ္တုတွင်းရှိသည့် နမ္မတူမြို့ကို PSLF/TNLA သိမ်းပိုက်

ကျောက်မဲ၊ ကွတ်ခိုင်၊ မူဆယ်မြို့နယ်တို့ကို ဆက်လက်ထိန်းချုပ်နိုင်ခဲ့ပါက မန္တလေး-လားရှိုးလမ်းပိုင်းနှင့် လားရှိုး-မူဆယ်လမ်းတစ်လျှောက်လုံးသည် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားမည်ဖြစ်ပြီး လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) သည် နှစ်ဖက်ပိတ်ဆို့ခံရနိုင်သည့် အခြေအနေရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်းရှိ နမ္မတူမြို့နယ်တစ်ခုလုံးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က ယနေ့ (ဒီဇင်ဘာ ၂၈) နံနက်တွင် အပြီးသတ် ထိန်းချုပ်နိုင်ပြီဟု သိရသည်။

နမ္မတူမြို့တွင်းမှ ၁ မိုင်ခန့်အကွာရှိ ခမရ-၃၂၄ တပ်စခန်းကို အပြီးသတ်တိုက်ခိုက်ပြီးနောက် တစ်မြို့နယ်လုံးကို ထိန်းချုပ်နိုင်ခြင်းဖြစ်သည်ဟု PSLF/TNLA နီးစပ်သူတစ်ဦးက Myanmar Now ကို ယနေ့ (ဒီဇင်ဘာ ၂၈) နံနက်တွင် အတည်ပြုသည်။

နမ္မတူမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို PSLF/TNLA က ဒီဇင်ဘာ ၂၀ ရက်နေ့တွင် စတင်တိုက်ခိုက်ပြီး ၈ ရက်အကြာတွင် တပ်စခန်းအားလုံးကို အပြီးသတ်တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။

ခမရ-၃၂၄ မကျရေး စစ်ကောင်စီတပ်ဘက်က ဂျက်လေယာဉ်၊ Mi 35, Y12 လေယာဉ်များဖြင့် တိုက်ခိုက်သည့်အပြင် လက်နက်ကြီးပစ်ကူအမြောက်အမြား အသုံးပြု ခုခံသော်လည်း PSLF/TNLA တပ်ဖွဲ့ဝင်များ၏ ထိုးစစ်ကို တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ ၈ ရက်အကြာတွင် လက်လွှတ်လိုက်ရခြင်းဖြစ်သည်။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ရာတွင် SU30 တိုက်လေယာဉ် အသုံးပြုသည်ကို မြင်တွေ့ရသည်ဟု နမ္မတူဒေသခံတချို့က ဆိုသည်။

ရုရှားထုတ် ဘက်စုံသုံးတိုက်လေယာဉ် SU30 နှစ်စင်းကို မြန်မာလေတပ်တွင် တိုက်ခိုက်ရေးလေယာဉ်အဖြစ် အသုံးပြုမည်ဟု စစ်ခေါင်းဆောင်က ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကြေညာထားသည်။

နမ္မတူမြို့တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ယမန်နေ့ ဒီဇင်ဘာ ၂၇ ရက်နေ့အထိ အရပ်သား ၃ ဦး သေဆုံးသည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁ဝ၂၇ စစ်ဆင်ရေး ၂ လအတွင်း ကလေး ၂၆ ဦးအပါအဝင် အရပ်သား ၁၆၂ ဦး သေဆုံးပြီး ၃ဝ၅ ဦး ဒဏ်ရာရရှိကြောင်း ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနက ပြုစုထားသည့် စာရင်းအရ သိရသည်။

နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံမြို့တို့ကို PSLF/TNLA က သိမ်းပိုက်ခြင်း၊ ယခု နမ္မတူမြို့ကို ထပ်မံ သိမ်းပိုက်ခြင်းတို့နှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိပါ။

စစ်ကောင်စီပြန်ကြားရေး ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ နေ့စဉ်ပုံမှန်ထုတ်ပြန်ချက်များသည်လည်း ဒီဇင်ဘာ ၁၄ ရက်နေ့မှစ၍ ထွက်ပေါ်လာခြင်းမရှိတော့ပေ။

တရုတ်နိုင်ငံ၏ စီစဉ်ပေးမှုဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှစ၍ ၃ ရက်ကြာ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးကြသော်လည်း ထူးခြားသည့် သဘောတူညီချက် ထွက်ပေါ်လာခြင်းမရှိဘဲ တိုက်ပွဲများ ဆက်ဖြစ်လျက်ရှိသည်။

စစ်ကောင်စီနှင့် တွေ့ဆုံခြင်းနှင့် ပတ်သက်၍ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တားဘုန်းကျော်က တိုက်ပွဲများ ပြင်းထန်လာချိန်တွင် တိုက်ပွဲရပ်ရန် တရုတ်ဘက်က ဖိအားပေးနေကြောင်း၊ ထိုအခြေအနေကို ကျော်လွှားရန် ​ညီနောင် ၃ ဖွဲ့ နည်းလမ်းရှာနေကြောင်း၊ စစ်ကောင်စီနှင့် ဆွေးနွေးမှုရှိသော်လည်း PSLF/TNLA ၏ ဦးတည်ချက်မပြောင်းလဲကြောင်း BBC သတင်းဌာနနှင့် ဒီဇင်ဘာ ၂၆ ရက်နေ့ ဆက်သွယ်မေးမြန်းခန်းတွင် ပြောထားသည်။

နမ္မတူသည် ဘော်တွင်းဒေသ သတ္တုလုပ်ငန်းကို အကြောင်းပြု၍ ထင်ရှားလာသောမြို့ဖြစ်သည်။

စတုရန်းမိုင် ၆၅၂.၁၁၃ ကျယ်ဝန်းသည့် နမ္မတူမြို့နယ်ကို ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၂၁ ခုဖြင့် ဖွဲ့စည်းထားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ် စာရင်းအရ လူဦးရေ ၅၀,၀၀၀ ကျော်ရှိပြီး ရှမ်း၊ ပလောင်နှင့် ဗမာလူမျိုး အများစု နေထိုင်ကြသည်။

နမ္မတူမြို့နယ်၏ အရှေ့ဘက်တွင် လားရှိုး၊ အနောက်ဘက်တွင် နမ့်ဆန်၊ တောင်ဘက်တွင် သီပေါ၊ မြောက်ဘက်တွင် မန်တုံမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်သည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ နမ့်ဆန်၊ မန်တုံမြို့နယ်၊ မူဆယ်ခရိုင်အတွင်းရှိ နမ့်ခမ်းမြို့နယ်တို့ကို PSLF/TNLA က သိမ်းပိုက်ပြီးဖြစ်၍ နမ္မတူမြို့နယ်သည် ထိုအဖွဲ့ စတုတ္ထမြောက်သိမ်းပိုက်သည့် မြို့နယ်ဖြစ်လာသည်။

မူဆယ်၊ ကွတ်ခိုင်နှင့် ကျောက်မဲမြို့နယ်တို့တွင်လည်း PSLF/TNLA နှင့် မြောက်ပိုင်းမဟာမိတ်တပ်များ ဆက်လက် ထိုးစစ်ဆင်လျက်ရှိသည်။

ကျောက်မဲမြို့နယ်အတွင်းရှိ မြို့နယ်ခွဲသုံးခုထဲမှ မိုင်းလုံမြို့ကို PSLF/TNLA က သိမ်းယူထားပြီး မိုင်းငေါ့မြို့ကို သိမ်းယူရန် ဆက်လက်ကြိုးပမ်းနေသည်။ ကွတ်ခိုင်မြို့နယ်ထဲက တာမိုးညဲမြို့တွင် ကိုးကန့်တပ်မတော် MNDAA နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်သည်ဟု ညီနောင် ၃ ဖွဲ့၏ ယမန်နေ့ ဒီဇင်ဘာ ၂၇ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျောက်မဲ၊ ကွတ်ခိုင်၊ မူဆယ်မြို့နယ်တို့ကို ဆက်လက်ထိန်းချုပ်နိုင်ခဲ့ပါက မန္တလေး-လားရှိုးလမ်းပိုင်းနှင့် လားရှိုး-မူဆယ်လမ်းတစ်လျှောက်လုံးသည် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားမည်ဖြစ်ပြီး လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) သည် နှစ်ဖက်ပိတ်ဆို့ခံရနိုင်သည့် အခြေအနေရှိသည်။

နမ္မတူမြို့သိမ်းတိုက်ပွဲမှာ ဟောင်ဝှစ်ဇာ ၂ လက်အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ

ရှမ်းမြောက် နမ္မတူမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ဟောင်ဝှစ်ဇာ ၂ လက်အပါအဝင် လက်နက်ခဲယမ်းအများအပြားကို တအာင်းတပ်မတော်- PSLF/TNLA က သိမ်းဆည်းရမိခဲ့ပါတယ်။

နမ္မတူမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ ၃၂၄)ကို TNLA က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်မှာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နောက် ၄ ရက်အကြာ ဒီနေ့ ဒီဇင်ဘာ ၂၈ ရက် မနက်အစောပိုင်းမှာ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စခန်းကုန်းအတွင်း စစ်ကောင်စီရဲ့ အလောင်း ၃၀ လောင်းထက်မနည်း တွေ့ရပြီး ကျန်တဲ့သူတွေကတော့ စခန်းကနေ ထွက်ပြေးသွားကာ TNLA က လိုက်လံရှင်းလင်းနေဆဲ ဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း TNLA ဘက်က ထိခိုက်ဒဏ်ရာရသူတချို့ရှိပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ်က Jet Fighter နဲ့ ၂၅ ကြိမ်၊ Y-12 လေယာဥ်နဲ့ ၂၇ ကြိမ်၊ တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi35 နဲ့ ၉ ကြိမ် အသုံးပြုပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ခမရ ၃၂၄ တပ်စခန်းကနေလည်း ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ၉၃ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ပြန်ကြားရေးဌာနက ဒီနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ဒရုန်းပျံသန်းလို့မရအောင် ဒရုန်းကာကွယ်ရေးစနစ် Jumper တွေကို တပ်ဆင်ထားပေမဲ့ စခန်းသိမ်းပိုက်ခံခဲ့ရပါတယ်။

တအာင်းဒေသ မန်တုံ၊ နမ့်ဆန်မြို့နယ်အပါအဝင် ရှမ်းမြောက် နမ့်ခမ်းနဲ့ ကျောက်မဲမြို့နယ် မိုင်းလုံမြို့၊ နမ္မတူမြို့နယ်ကို တအာင်းတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က တိုက်ခိုက်သိမ်းပိုက်ထားပြီ ဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *