ကလေးမြို့ အကျဉ်းထောင်က နိုင်/ကျဉ်း အမျိုးသမီးတွေ ထောင်တွင်း ဆန္ဒပြ၊

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်မှာ စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသား အမျိုးသမီးတွေကို မတရားဖိနှိပ် အလုပ်ခိုင်းစေတာ၊ သောက်သုံးရေ မသန့်ရှင်းတာနဲ့ ‌ချိုးရေ အလုံအလောက် မရတာတွေကြောင့် ဒီနေ့ ထောင်တွင်း ဆန္ဒပြ လှုပ်ရှားမှုသပိတ် ပြုလုပ်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ ဒေသခံ သတင်း ရင်းမြစ်တွေကပြောပါတယ်။

ကလေးမြို့ အကျဉ်းထောင်အတွင်း ဆန္ဒပြလှုပ်ရှားမှုသပိတ်ကို နိုင်ငံရေးပုဒ်မနဲ့ အကျဉ်းကျခံ နေရတဲ့ နိုင်/ကျဉ်း အမျိုးသမီးတွေ က ဦးဆောင် ပြုလုပ်ခဲ့တာ ဖြစ်ပြီး အနီရောင် လက်ပတ်စည်းကာ သပိတ်လုပ်ခဲ့တာလို့ ဆိုပါတယ်။

နိုင်/ကျဉ်းတွေ အပါအဝင် အမျိုးသမီးတွေကို မတရားဖိနှိပ် အလုပ်ကြမ်း ခိုင်းစေတာတွေ ရပ်တန့်ဖို့၊ သောက်သုံးရေ သန့်ရှင်းဖို့နဲ့ လုံလောက်စွာ ရရှိဖို့၊ ဆေးဝါး ကုသခွင့် ရဖို့ စတဲ့ အချက်တွေ တောင်းဆိုခဲ့ကြတာ ဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“နိုင်ကျဉ်း အမျိုးသမီးတွေက အထဲမှာ မစင်တွေ ထမ်းရတယ်။ အဲ့ဒီ ပုံးတွေ ထမ်းရ သယ်ရတယ်။ ဒါပြီးတော့ ချည်ထိုးတာတွေ လုပ်ရတယ်။ မလုပ်နိုင်တဲ့သူက ပိုက်ဆံပေး၊ ဒီလိုတွေ ခိုင်းစေတယ်။

နောက်တစ်ခုက သောက်သုံးရေက ရွံ့ရည်ကို သောက်ရတယ်။ ပြီးတော့ အမျိုးသမီးတွေက ချိုးရေကို လုံလုံလောက်လောက် မရဘူး။ အမျိုးသမီးတွေက ယားနာ‌တွေ၊ ဘာတွေ ပေါက်ကြတယ်။ ဒါကြောင့် ဆန္ဒပြကြတာ ဖြစ်တယ်”

လက်ရှိ ကလေးမြို့ အကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသား အမျိုးသမီး (၁၀၀)ခန့် ရှိပြီး သူတို့ဟာ သန့်ရှင်းတဲ့ရေကို မသောက်ရဘဲ ရွံပါတဲ့ ရေကို သောက်ရေ၊ သုံးရေအဖြစ် သုံးစွဲနေရတယ်လို့ ဆိုပါတယ်။

သောက်ရေသုံးရေ မသန့်ရှင်းတာကြောင့် ယားနာဖြစ်သူ၊ ၀မ်းလျော၀မ်းပျက်သူနဲ့ ဖျားနာနေသူ (၅၀)ကျော် ရှိတယ်လို့လည်း နိုင်/ကျဉ်း အမျိုးသမီး မိသားစုတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် ဖျားနာနေသူတွေဟာ ဆေးဝါးကုသခွင့် မရသလို၊ ရပ်ဝေး နယ်ဝေးက ထောင်၀င်စာ မပို့နိုင်သူတွေဟာလည်း အာဟာရ ပြတ်လပ်ပြီး မူးလဲသူတွေလည်း ရှိတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ယားနာတွေ ပေါက်ကြတယ်၊ ရေကလည်း Limit (ကန့်သတ်)နဲ့ သူတို့ပေးတဲ့ ရေထက် ပိုချိုးချင်တယ်ဆို ပိုက်ဆံ ပေးပြီး ရေ၀ယ်ရတယ်။ ရေကလည်း မကောင်းဘူး။ အမြဲတန်း ယားနာတွေ ပေါက်တယ်။ အမျိုးသမီးရော၊ အမျိုးသားရော ထောင်ထဲမှာ ဆိုလို့ရှိရင် နိုင်ငံရေးတွေနဲ့ ကျတဲ့သူက ခိုး၊ဆိုးလုနှိုက်နဲ့ ကျတဲ့သူတွေက လက်အောက်ခံ၊ သူတို့ခိုင်းတာ လုပ်ရတာ၊ သူတို့ (စစ်အုပ်စု)က အဲ့ကောင်တွေ (ခိုးဆိုးလုနှိုက်) မြှောက်စားထားတာ။ ကိုယ့်မြို့ကနေ မဟုတ်ဘဲနဲ့ နယ်ဝေး တခြားမြို့ကဆို အိမ်က ပိုက်ဆံမပို့နိုင်လို့ ထမင်း၊ဟင်း မပို့နိုင်ဘူးဆို ဟင်းကောင်းလည်း မစားရဘူး။ နိုင်ငံရေး အကျဉ်းသားတွေက တပတ်ကို နှစ်ခါ မစားရဘူး။ တချို့ဆို အားပြတ်ပြီး လဲကျတဲ့သူ ရှိတယ်”

ကလေးအကျဉ်းထောင်မှာ နိုင်/ကျဉ်းတွေ အပါအဝင် ထောင်ကျခံနေရသူ (၁၀၀၀)ကျော် ရှိပြီး နိုင်ငံရေး အကျဉ်းသားတွေကို ထောင်၀န်ထမ်းတွေက တိုက်ပိတ်တာ၊ ခြေကျင်းခတ်တာ၊ ငွေညှစ်တာ၊ အလုပ်ကြမ်း မတရားခိုင်းစေတာတွေ ကျူးလွန်နေတယ်လို့ နိုင်/ကျဉ်းတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် ထောင်၀န်ထမ်းတွေက ထောင်၀င်စာ တွေ့ခွင့်တွေကို အကန့်သတ်နဲ့ ခွင့်ပြုသလို တန်စိုးလက်ဆောင် အပါအ၀င် ငွေကြေးပေးမှ ထောင်၀င်စာ ပို့ခွင့်ရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကလေးမြို့နယ် ရာဇဂြိုလ်ရွာ အကျဉ်းစခန်းနှစ်ခု ဖြစ်တဲ့ ရာ(၁)နဲ့ ရာ(၂)စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းမှာ တော်လှန်ရေး တပ်တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် စစ်အုပ်စုက ကလေးထောင်မှာ လုံခြုံရေး တင်းကြပ်ထားတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၂ မတ်(၁၅)ရက်က ကလေးမြို့ အကျဥ်း‌ထောင်မှာ စစ်အုပ်စုက ထောင်ဆူပူမှု ဖြစ်တယ်လို့ သတင်းဖြန့်ပြီး တော်လှန်ရေး၊ နိုင်ငံရေးမှုတွေနဲ့ ထောင်ကျခံနေရတဲ့ အကျဉ်းသား ခုနှစ်ဦးကို စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ် ခဲ့ပါတယ်။

ကလေးမြို့ အကျဉ်းထောင်ဟာ ကလေး-တမူး (အာရှလမ်းမကြီး)၊ မော်လိုက်ကလေးကျေးရွာ အနီးမှာ တည်ရှိပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *