ဆရာဝန် ပါရဂူ ဒုဗိုလ်မှူးကြီး ဇေယျာငြိမ်း ဆေးသုံးစွဲပြီး ဇနီး စုမွန်သန်းကို နှစ်ပိုင်းဖြတ် သတ်မှုက စစ်တပ်အတွင်း မူးယစ်ဆေးဝါးကို အောက်ခြေ အဆင့်မှ ခေါင်း ဆောင်အဆင့်အထိ တွင်ကျယ်စွာ သုံးစွဲနေမှုကို သက်သေပြနေ

နေပြည်တော်၊ အမှတ်၂ တပ်မတော် သားဖွားမီးယပ်နှင့်ကလေးဆေးရုံမှ သားဖွားမီးယပ်ပါရဂူ ဆရာဝန် ဒုဗိုလ်မှူးကြီး ဇေယျာငြိမ်းက ဇနီး စုမွန်သန်းကို နှစ်ပိုင်းဖြတ်၍ သတ်ဖြတ်ပြီး အလောင်းကို စွန့်ပစ်မှု ဖြစ်ပွားခဲ့ရာ ယင်းသတ်ဖြတ်မှုတွင် ဒုဗိုလ်မှူးကြီး ဇေယျာငြိမ်းသည် မူးယစ်ဆေးဝါး သုံးစွဲပြီး ဆေးကြောင်ကာ ဇနီးဖြစ်သူကို သတ်ဖြတ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ ညချိန် နေပြည်တော်၊ အမှတ်၂ တပ်မတော် သားဖွားမီးယပ်နှင့်ကလေးဆေးရုံ( ကုတင် ၃၀၀) မှ သားဖွားမီးယပ်ပါရဂူ ဒုဗိုလ်မှူးကြီး ဇေယျာငြိမ်းက မူးယစ်ဆေးဝါး သုံးစွဲကာ ဇနီး စုမွန်သန်းကို ခုတ်သတ်ပြီး နေပြည်တော် ပုဗ္ဗသီရိမြိုနယ် ဝဏ္ဏဒီပရပ် ရာဇသင်္ဃဟလမ်းမနှင့် ပိတောက်လမ်းထောင့်တွင် နှစ်ပိုင်းပြတ်နေသော ခန္ဓာကိုယ်ကို စွန့်ပစ်ခဲ့သည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် စစ်တပ်နှင့်ရဲက တွေ့ရှိပြီး စုံစမ်းရာမှ ပါရဂူ ဒုဗိုလ်မှူးကြီး ဇေယျာငြိမ်း၏ ဇနီး စုမွန်သန်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပြီး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ ဒုဗိုလ်မှူးကြီး ဇေယျာငြိမ်းသည် မူးယစ်ဆေးဝါးသုံးစွဲပြီး စိတ်လွတ်ရာမှ သတ်ဖြတ်မှု လုပ်ဆောင်ခဲ့ကြောင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။

၎င်းတို့ ဇနီးမောင်နှံတွင် လူမမယ် သမီးကလေး ကျန်ရစ်ခဲ့ပြီး ကလေးအရွယ်သာ ရှိသေးသည့် သမီးငယ်အတွက်မူကား ဘ၀ပျက်ဒုက္ခရောက်သွားရခြင်းဖြစ်သည်။ ကလေးငယ်အတွက် ဖခင် ဆရာဝန် ဒုဗိုလ်မှူးကြီး ဇေယျာငြိမ်းက မိခင်ဖြစ်သူ စုမွန်သန်းသည် နှစ်ပိုင်းဖြတ်သတ်သဖြင့် ထောင်နန်းစံရမည်ဖြစ်ပြီး မိခင်ဖြစ်သူမှာ သေဆုံးခဲ့ရပြီဖြစ်သည်။

“ဆေးကြောင်ပြီး သတ်တာလို့လည်းပြောတယ်။ သတ်သူက သမက၂/၃၀၀ (အမှတ်၂ တပ်မတော် သားဖွားမီးယပ်နှင့်ကလေးဆေးရုံ/ကုတင် ၃၀၀) ပါရဂူ ဗိုလ်မှူး‌ကြီး ဇေယျာငြိမ်း။ သူက တပ်မတော်ဆေးတက္ကသိုလ်အမှတ်စဉ် ၂ ကျောင်းဆင်း။ ဆေးကြောင်ပြီး သူ့မိန်းမကိုခုတ်သတ် မီးရထားလမ်းမှာပစ်ခဲ့တာ။ အခုတော့ ဖမ်းသွားပြီ။ သမီးလေးတစ်ဦးရှိတယ်” ဟု စစ်ဆေးအသိုင်းအ၀ိုင်းနှင့်နီးစပ်သူတစ်ဦးက ပြောဆိုသည်။

ထိုဖြစ်စဉ်သည် စစ်တပ်အတွင်း စစ်အာဏာသိမ်းပြီးနောက် အောက်ခြေ စစ်သည်များမှစတင်၍ ထိပ်ပိုင်း ခေါင်းဆောင်အထိ မူးယစ်ဆေးဝါး သုံးစွဲမှုများ တွင်ကျယ်စွာ ဖြစ်ပွားနေခြင်းကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။ မူးယစ်ဆေးဝါး၏ သားကောင် ဖြစ်ရသည့် ဒုတိယဗိုလ်မှူးကြီး ဇေယျာငြိမ်းမှာ သာမန်စစ်အရာရှိမဟုတ်ဘဲ ၎င်းကိုယ်တိုင် ဆရာဝန်ဖြစ်နေသည့်တိုင် မူးယစ်ဆေး ကြောင့် စိတ်လွတ်ကိုယ်လွတ်ဖြစ်သွားရခြင်းဖြစ်သည်။

ဒုဗိုလ်မှူးကြီး ဇေယျာငြိမ်း မူးယစ်ဆေးဝါးသုံးစွဲနေသည်ကို တပ်မှူးများက သိရှိခဲ့ကြပြီး နေပြည်တော်၊ အမှတ်၂ တပ်မတော် သားဖွား မီးယပ်နှင့်ကလေးဆေးရုံ( ကုတင် ၃၀၀) သို့ မပြောင်းရွှေ့မီ မူးယစ်ဆေးဝါးသုံးစွဲ၍ အမျိုးသမီးတစ်ဦးကို ပုံစံမျိုးစုံဖြင့် လိင်ဆက်ဆံခဲ့သည်။ ထိုကြောင့် လိင်ဆက်ဆံသူ အမျိုးသမီးက တပ်မှူးများနှင့် ထိပ်ပိုင်းသို့ တိုင်ကြားခဲ့သော်လည်း သတင်းမထွက်စေချင်၍ တိုးတိုးတိတ်တိတ် ဖြေရှင်းခဲ့ရာမှ ပြဿနာ ပြီးဆုံးခဲ့သည်။

“ဒုဗိုလ်မှူးကြီး ဇေယျာငြိမ်းဆိုတဲ့ဒီလူက လိုင်းစုံတဲ့သူ။ သူက မိန်းမကိစ္စ၊အရက်သောက်တဲ့ကိစ္စ၊ မူးယစ်ဆေးကိစ္စတွေအများကြီးပဲ သူ့အရင်တပ်တုန်းကလည်း မကောင်းတဲ့မိန်းမတစ်ယောက်ကို တစ်ညလုံးခေါ် ဆေးချပြီး မလုပ်သင့်တာတွေလုပ်လို့ အဲ့ဒီမိန်းမက တပ်မှူးဆီသွားတိုင်ချိန်မှာ တပ်မှူးကဒီကိစ္စကို ဖုံးဖုံးဖိဖိလုပ်သွားလို့ ဆေးသုံးတဲ့ကိစ္စမပေါ်ခဲ့ဘူး” ဟု စစ်ဆေးအသိုင်းအဝိုင်းက ပြောသည်။

စစ်တပ်အတွင်းတွင် လက်ရှိ ရှေ့တန်းတွင်လည်း စစ်အရာရှိများမှစတင်၍ အောက်ခြေတပ်သားများအထိ မူးယစ်ဆေးဝါးကို တွင်ကျယ်စွာ အသုံးပြုကြသည်။ စစ်အာဏာသိမ်းပြီးနောက် ပြည်သူလူထု၏ ကြီးမားသော ဆန့်ကျင်မှုကို ကြုံရချိန်တွင် တပ်တွင်း အကြီးအကျယ် စိတ်ဓာတ်ကျဆင်းမှု နှင့် စစ်မတိုက်လိုမှု၊ ရှေ့တန်းမသွားလိုမှုများစွာ စစ်သည်တိုင်း ဖြစ်ပေါ်လာသည်။

ထိုအချိန်တွင် ယခင်က အလွန်တင်းကျပ်ခဲ့သော စစ်စည်းကမ်းများကို မင်းအောင်လှိုင်နှင့် ခေါင်းဆောင်ပိုင်းက လျစ်လျူရှုခဲ့ပြီး ပြည်သူများကို နှိမ်နင်းသတ်ဖြတ်ရန် စစ်ကြောင်းများကို မူးယစ်ဆေးဝါး အသုံးပြုခွင့်ပေးခဲ့ကြောင်း တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

“ခလရနဲ့ ခမရတွေမှာ တပ်ထဲမှာတင် ဆေးဝါးတွေ ဖြန့်ပြီး သုံးနေကြတာ။ ရှေ့တန်းထွက်မယ်ဆိုရင် မူးယစ်ဆေး အလုံအလောက် ဝယ်သွားကြတယ်။ အိမ်လွမ်းတာနဲ့ ရှေ့တန်းမှာ မကြောက်အောင် သုံးကြတာမျိုးတွေ အများကြီးပဲ။ ရွာတွေမှာ ပြည်သူတွေ ခေါင်းဖြတ်သတ်တယ်ဆိုတဲ့ စစ်ကြောင်းတွေမှာ မူးယစ်ဆေးဝါးသုံးပြီး စိတ်တွေ လွတ်ပြီး သတ်ကြတာမျိုးတွေလည်းရှိတယ်။ တချို့ Case တွေကတော့ မူးယစ်ဆေးသုံးပြီး သတ်တာမဟုတ်ဘူး။ တမင် အကြောက်တရားသွင်းတဲ့အနေနဲ့ သတ်ကြတာ။ ဒါပေမယ့် အများစုကတော့ မူးယစ်ဆေးသုံးပြီး အဲဒီလိုတွေ ကျူးလွန်ကြတာ” ဟု တပ်သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

လက်ရှိတွင် ပြိုကွဲလုဖြစ်နေသော စစ်တပ်အတွင်းတွင် စစ်ပြေးမများစေရန်၊ စစ်တပ်တွင် တာဝန်ထမ်းဆောင်ကြစေရန် ရည်ရွယ်၍ လွတ်လပ်ခွင့်ပေးမှုများရှိပြီး ထိုအထဲတွင် မူးယစ်ဆေးဝါး သုံးစွဲမှုကို မျက်ကွယ်ပြုထားခြင်းလည်း တစ်ချက် အပါအဝင် ဖြစ်သည်။ ထို့ကြောင့် စစ်ကိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ကချင်ပြည်နယ်တွင် ဖမ်းဆီးရရှိမိသော စစ်ကောင်စီတပ်သားများထံမှ မူးယစ်ဆေးဝါး များတွေ့ရှိသည်ဆိုသော သတင်းများ မကြာခဏဆိုသလို ထွက်ပေါ်လာခြင်းဖြစ်သည်။

ဒုတိယဗိုလ်မှူးကြီး ဇေယျာငြိမ်းက မူးယစ်ဆေးကြောင်ကာ ဇနီးဖြစ်သူကို နှစ်ပိုင်းဖြတ်သတ်မှု မဖြစ်ခင်ကတည်းက မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက်စစ်တပ်အတွင်းတွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ရောင်းဝယ်ဖောက် ကား မှုက ခိုင်မြဲစွာ အမြစ်တွယ် တွင်ကျယ်နေခဲ့ပြီဖြစ်သည်။ ထိုသို့ တွင်ကျယ်အောင်လည်း မင်းအောင်လှိုင်၊ စိုးဝင်းနှင့် စစ်ခေါင်းဆောင်များ ကိုယ်တိုင် ခွင့်ပြုခဲ့ခြင်းဟုဆိုလျှင်လည်း မမှားနိုင်ပေ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *