စစ်ကောင်စီထံမှသိမ်းထားသည့် နယ်မြေနှင့် တပ်စခန်းများပြန်မဆုံးရှုံးရေး စစ်ရေးသတိ အမြဲထားရှိရန် TNLA စစ်ဦးစီးချုပ်ပြော

၁၀၂၇စစ်ဆင်ရေး ၂လတာအတွင်း TNLA သိမ်းရသည့် တပ်စခန်း ၇၃ခု နှင့် မြို့ ၅မြို့ရှိဟု အသိပေး

တအာင်းတပ်မတော်(TNLA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဟိုပလန်သည် စစ်မြေပြင်သို့ ကွင်းဆင်းစစ်ဆေးပြီး ရှေ့တန်းတပ်မှူးများနှင့် တွေ့ဆုံခဲ့ရာ သိမ်းဆည်းရမိသည့် နယ်မြေများ စခန်းများ ပြန်လည်လက်လွတ်ဆုံးရှုံးမှုမရှိစေရေး တပ်လုံခြုံရေး ဆိုင်ရာလုပ်ငန်းဆောင်ရွက် ထားရန် စစ်ရေးအမြင် စစ်ရေးသတိ အမြဲမပြတ် ထားရှိရန် လမ်းညွှန်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

စစ်ဦးစီးချုပ် တားဟိုပလန်သည် ယမန်နေ့ ဒီဇင်ဘာ ၂၈ရက် နံနက်က သိမ်းရခဲ့သည့် နမ္မတ ခမရ(၃၂၄)တပ်စခန်းအပါအဝင် စစ်ကောင်စီထံမှ သိမ်းထားသည့် စခန်းများ၊ မြို့များသို့ သွားရောက်ပြီး ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စစ်မြေပြင်အတွင်းတွင် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများနှင့် တွေ့ဆုံကာ TNLA အဖွဲ့အနေဖြင့် စစ်သုံ့ပန်းဥပဒေ လိုက်နာသည့် အဖွဲ့ဖြစ်ကြောင်း TNLA လက်ထဲရောက်လာပြီ ဖြစ်သည့်အတွက် စိတ်ချလုံခြုံမှုရှိပြီ ဖြစ်ကြောင်း ပြောဆို ခဲ့သည်ဟု ဖော်ပြသည်။

၁၀၂၇ စစ်ဆင်ရေးကာလ တအာင်းပြည်နယ် အတွင်း တပ်စခန်းကြီး၊ ငယ် စခန်းပေါင်း (၇၃) သိမ်းဆီးရမိပြီး၊ မြို့(၅)မြို့ တိုက်ခိုက်သိမ်းပိုက် ထိန်ချုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ထုတ်ပြန်သည်။

ဗိုလ်မှူးချုပ် တားဟိုပလန်သည် ၁၀၂၇ စစ်ဆင်ရေးကာလ၌ သိမ်းဆည်းရမိသည့်တပ်စခန်း နယ်မြေစိုးမိုးမှု ရရှိပြီးဖြစ်သည့် တပ်မဟာစစ်ဒေသအသီးသီးသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

တပ်မဟာ(၁)စစ်ဒေသဖြစ်သည့် မန်ဝိန်ကြီး၊ ရွှေလီမြစ်ကူး ကြိုးတံတား တပ်စခန်း၊ နမ့်ပေါ်တပ်စခန်း၊ နမ့်ခမ်း စခန်းသစ်တပ်စခန်းနှင့် နမ့်ခမ်းမြို့တွင်းသို့ လည်းကောင်း၊ တပ်မဟာ(၂)စစ်ဒေသနယ်မြေဖြစ်သည့် နမ့်ဆန်မြို့၊ ကဒိုင်းဖူးတပ်စခန်း၊ နမ့်ဆန်မြို့တပ်စခန်း၊ နမ့်ဆန်မြို့တွင်းလည်းကောင်း၊ တပ်မဟာ(၃)စစ်ဒေသဖြစ်သည့် မန်ပူးတပ်စခန်း၊ ပန်ယုတ်တပ်စခန်း၊ မိုင်းဝီးတပ်စခန်း၊ ခိုမုန်းတပ်စခန်း၊ မန်တုံ ခလရ-၁၃၀ တပ်စခန်းနှင့် မန်တုံမြို့တွင်းသို့လည်းကောင်း သွားရောက်ခဲ့ကြောင်း အသိပေးသည်။

ထို့ပြင် တပ်မဟာ(၄)စစ်ဒေသဖြစ်သည့် နမ္မတူမြို့ ခမရ-၃၂၄ တပ်စခန်းနှင့် နမ္မတူမြို့တွင်းလည်းကောင်း၊ တပ်မဟာ(၅)စစ်ဒေသနယ်မြေဖြစ်သည့် ယုံမော၊ လွယ်ကန်၊ လွယ်ဟွမ်၊ ရှောက်ဟော်တပ်စခန်းနှင့် အခြားစခန်းငယ်သို့လည်းကောင်း၊ တပ်မဟာ(၆)စစ်ဒေသဖြစ်သည့် မိုင်းကျက်၊ တိန်းတန်၊ ပန်ရှော၊ ဂျာယာန်၊ ဆိုင်လျှံတပ်စခန်းနှင့် အခြားစခန်းငယ်သို့ သွားရောက်စစ်ဆေးခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။

TNLAစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဟိုပလန်သည် စစ်မြေပြင်သို့ ကွင်းဆင်းစစ်ဆေးနေစဉ်။ ဓာတ်ပုံ – TNLA


Comments

Leave a Reply

Your email address will not be published. Required fields are marked *