ဒရုန်းဖြင့် ဗုံးကြဲသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် ပြန်တိုက်ခံရပြီး နှစ်ဦးသေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြောင်လမ်းခွဲအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့် စစ်ကောင်စီတပ်ကို တန်ပြန်၍ ဒရုန်းဖြင့် ပြန်လည် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နှစ်ဦး သေဆုံးခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁၁ နာရီခန့်တွင် မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာရှိ စခန်းမှ နဘက်ကျေးရွာသို့ ဦးတည် ထွက်လာသော စစ်ကြောင်းကို Fixed Wings ဒရုန်း လေယာဉ်များဖြင့် ဗုံးသီး နှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ရာ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ထို့နောက် မုံရွာ -မန္တလေးလမ်းမပေါ်ရှိ မြောင်လမ်းခွဲ၌ တပ်စွဲကာ ခရီးသွားပြည်သူများအား စစ်ဆေးမှုများလုပ်ဆောင်နေသည့် စစ်သားများကို ဒရုန်းဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ညနေ၂ နာရီခန့်တွင် မြောင်လမ်းခွဲရှိ စစ်ကောင်စီတပ်သားများက လက်နက်ကြီး ၂ လုံး ရမ်းသမ်းပစ်ခတ်ကာ မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာဘက်သို့ ကားဖြင့် ထွက်လာပြီး လမ်းတလျှောက်တွင် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီး ခရီးသွားပြည်သူများ၏ ဆိုင်ကယ်အစီး (၂၀)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုအချိန်တွင် မြောင်လမ်းခွဲရှိရာ အဆောက်အအုံများနှင့် ဆက်သွယ်ရေး အဆောက်အအုံများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အလ္လကပ္ပကျေးရွာဘက်သို့ ထွက်ခွာသွားသည့် စစ်ကောင်စီတပ်သားများ စစ်ကူပြန်လည်ရောက်ရှိလာပြီး (၆) လက်ဒရုန်း နှစ်စင်းဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို လိုက်လံရှာဖွေကာ ဗုံးသီး (၂) လုံးကြဲချကာ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ ဒရုန်းတက်လာသည့် နေရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မှတ်သားကာ ဒရုန်းများ ပြန်မဆင်းမီ တန်ပြန် ဗုံးသီး နှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို CDSOM 001 Drone Team ၊ ဆင်ရိုင်းစစ်ကြောင်း – မြောင်၊ မြောင်မြို့နယ် ပလဖ ၊ မြင်းမူမြို့နယ် အလ္လကပ္ပတိုက်နယ် ပကဖ ၊ CRF မြင်းမူ နှင့် TGR ဗိုလ်တိုက်ဂါး အဖွဲ့မြောင်တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *