ပဲခူးတိုင်း နတ်တလင်း၌ စစ်တပ်က အရပ်သား ၇ ဦးကို အစုလိုက် မီးရှို့သတ်

ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့နယ် အရှေ့မြောက်ဘက် ပဲခူးရိုးမအစပ်တွင် စစ်ကောင်စီတပ်က အရပ်သား ၇ ဦးကို အစုလိုက် မီးရှို့သတ်သွားကြောင်း နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရေချမ်းက ပြောသည်။

အသတ်ခံရသူများသည် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည်ဆိုသော သတင်းကြောင့် ညောင်လေးပင်ရွာဝန်းကျင်တွင် စစ်ရှောင်နေသည့် မိသားစုများမှ အမျိုးသား ၇ ဦး ဖြစ်ပြီး အသက် ၂၇ နှစ်နှင့် အသက် ၅၀ ကျော်ဝန်းကျင် အရွယ်ရှိသူများဖြစ်ကြောင်း သိရသည်။

အလောင်းများကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ တောင်ပိုင်းတိုင်း စစ်ဒေသလက်အောက်ခံ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၏ တပ်ခွဲ ၄ ဖြစ်သည့် MRF နတ်တလင်းနှင့် နတ်တလင်း (ပကဖ) ရဲဘော်များက ဒီဇင်ဘာ ၂၅ ရက် နယ်မြေရှင်းလင်းရေး လုပ်စဉ် နတ်တလင်းမြို့နယ်အရှေ့မြောက်ဘက် မိုင် ၂၀ ကျော်အကွာ ပဲခူးရိုးမအနီးရှိ ညောင်လေးပင်ရွာဝန်းကျင်တွင် တွေ့ခဲ့ခြင်းဖြစ်သည်။

နတ်တလင်း ပကဖ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရေချမ်းက “စတွေ့တာက တဲ ၁ တဲထဲမှာ Dead Body ၃ လောင်း၊ နောက်ထပ် တဲမလှမ်းမကမ်းမှာက Dead Body ၃ လောင်း ၆ လောင်းကို တနေရာမှာ တွေ့တယ်။ နောက်တနေရာ မှာကျတော့ Dead Body ၁ လောင်းကို တွေ့ပါတယ်။ စတွေ့တဲ့ မြင်ကွင်းအခြေအနေအရဆိုရင် တော်တော်လေးကို ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီပေါ့။ ကိုင်တွယ်ထိတွေ့ပေးဖို့တောင် အဆင် မပြေတော့ဘူး။ သင်္ဂြိုဟ်ပေးဖို့တောင် အခက်အခဲရှိတယ်။ ကိုင်တွယ်လို့ အဆင်မပြေလို့ အဲဒီနေရာမှာပဲ လောင်စာထည့်ပြီး သင်္ဂြိုဟ်လိုက်ရတဲ့ အခြေအနေရှိပါတယ်” ဟု ဆိုသည်။

လက္ခဏာအရ မသေမီ လက်ပြန်ကြိုးတုတ်ကာ အပိုင်းပိုင်း မသေမရှင်ခုတ်ထားသည့် ပုံစံဖြစ်ကြောင်း၊ ပြီးမှ မီးရှို့သည်ဟု ယူဆကြောင်း ရဲဘော်ရေချမ်းက ပြောသည်။

စစ်ကောင်စီ၏ ပြည်ခရိုင် အင်းမ အခြေစိုက် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းအချို့နှင့် NUG ၏ တောင်ပိုင်းတိုင်း စစ် ဒေသလက်အောက်ခံ တပ်များကြား နတ်တလင်းမြို့နယ် အရှေ့မြောက်ဘက် ပဲခူးရိုးမ အစပ်တွင် ဒီဇင်ဘာလပထမပတ်မှ စတင်ကာ တိုက်ပွဲ ၄ ကြိမ်ထက်မနည်း ဖြစ်ခဲ့သည်။

တိုက်ပွဲတွင် အထိနာထားသည့် စစ်ကောင်စီတပ်သည် အရပ်သား နေအိမ်များကို မီးရှို့သွားသလို အရပ်သားများကိုလည်း ဖမ်းဆီးသတ်ဖြတ်သွားခြင်းဖြစ်ကြောင်း နတ်တလင်း (ပကဖ) ဘက်က ပြောသည်။

နတ်တလင်း (ပကဖ) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရေချမ်းက “လုပ်သွားတာက တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့ဝင် တွေလို့ သိရတယ်။ ဒီဇင်ဘာ ၂၂ ၊ ၂၃ လောက်မှာ စစ်ရှောင် ၁၀ ဦးလောက်ကို ဖမ်းဆီးတယ်။ ၂၄ ရက်မှာ အဲဒီထဲက ၇ ဦး သတ်သွားတာဖြစ်ပါတယ်။ ပိုပြီးသေချာတာက ဒီကောင်တွေ လုပ်တယ်ဆိုတာ ဘာကြောင့်ပြောနိုင်တာလဲဆိုတော့ ဒီကောင်တွေ ဖမ်းထားပြီး ပြန်လွှတ်ပေးလိုက်တဲ့ လူတချို့နဲ့ ကျနော်တို့ စကားပြောခွင့်ရတယ်။ သူတို့ရဲ့ထွက်ဆိုချက်အရ သိရတာပါ” ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ပြည်သူလူထုကို အကြောက်တရားသွင်းသည့်အနေနှင့် ယခုကဲ့သို့ လူအစုလိုက်သတ်ဖြတ်မှုကို လုပ် ဆောင်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ လူထုကို အကြောက်တရားသွင်းသည့် လုပ်ရပ်သည် အောင်မြင်မည် မဟုတ်ကြောင်း နတ်တလင်း (ပကဖ) ဘက်က ပြောသည်။

နတ်တလင်း (ပကဖ) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရေချမ်းက “ဒီကောင်တွေ ဘယ်လောက်ပဲ အကြောက်တရား ရိုက်သွင်းသွင်း ဒီလုပ်ရပ်တွေလုပ်ရင် ပြည်သူတွေက ပိုပြီး ရွံရှာမုန်းတီးရုံကလွဲလို့ ဘာမှ ပိုပြီးဖြစ်လာမှာမဟုတ်ဘူး။ ပြည်သူဆိုတာ ဘယ်တော့မှ အကြောက်တရားနဲ့ အုပ်ချုပ်လို့ မရဘူး။ ကျနော်တို့လည်း ပြည်သူထဲက ပြည်သူပဲ ဒီကောင်တွေ မတရားလုပ်လို့ အခုလိုမျိုး လက်နက်ကိုင်တော်လှန်တဲ့ လမ်းစဉ်ကို ရွေးချယ်ခဲ့ရတာ” ဟု ဆိုသည်။

နတ်တလင်းမြို့နယ် ညောင်လေးပင်ရွာအနီးက အမျိုးသား ၇ ဦး သတ်ဖြတ်ခံရမှုသည် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် ပဲခူးတိုင်းတွင် တတိယအကြိမ်ဖြစ်သည့် လူအစုလိုက်အသတ်ခံရသည့် ဖြစ်ရပ်ဖြစ်ပြီး ၂၀၂၃ ခုနှစ် မေလ ၁၀ ရက်ကလည်း ပဲခူးတိုင်း ထန်းတပင်မြို့နယ် ညောင်ပင်သာရွာ၌ ကလေးငယ်နှင့် အမျိုးသမီးများ အပါအဝင် အရပ်သား ၁၈ ဦးကို စစ် ကောင်စီတပ်က အရှင်လတ်လတ် ဓားဖြင့်ခုတ်ကာ မီးရှို့သတ်ခဲ့သေးသည်။

ပဲခူးတိုင်းအတွင်း လူအများဆုံး အစုအလိုက်အပြုံလိုက် အသတ်ခံရမှုမှာ ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်တွင် ဖြစ်ပွားခဲ့သည့် ပဲခူးမြို့ရှိ အာဏာသိမ်းမှု ဆန့်ကျင်သူများ၏ မဂ္ဂတစ်ခံတပ် ဖြိုခွဲခံရမှုဖြစ်ပြီး လူ ၈၂ ဦး သေဆုံးခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့များက ဆိုကြသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *