မုဒိန်းမှုဖြင့်ထောင်ကျနေသည့်မင်းရာဇာက နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်နေ

ကလေးသူငယ်အပေါ်ပြုကျင့်သည့် မုဒိမ်းမှုအပါအဝင် အခြားပြစ်မှုများကြောင့် နှစ်(၂၀) ကျော် ထောင်ဒဏ်ကျခံနေသည့် သရုပ်ဆောင် မင်းရာဇာက အင်းစိန်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများကို ရည်ရွယ်ချက်ရှိရှိ ရိုက်နှက်နှိပ်စက်မှုများပြုလုပ်နေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

” ၄ ဆောင်မှာ ပုံစံခန်းဆိုတာရှိတယ်။အဲဒီမှာ မင်းရာဇာက အခန်းလူကြီး၊ သူက တစ်ထောင်လုံးရဲ့ အကျဥ်းသား အရာရှိ နံပါတ် (၂)လည်းဖြစ်တယ်။

အဲဒီ ၄ ဆောင် ပုံစံခန်းကို နိုင်ကျဥ်းအသစ်တွေ ရောက်တိုင်း မင်းရာဇာ ဦးဆောင်ပြီး ရိုက်တာဗျ။ ကျောတပြင်လုံး အရှိုးရာ ထင်အောင်ရိုက်ခံရတာ။”ဟု ၎င်းက ပြောသည်။

“မင်းရာဇာက ထောင်အာဏာပိုင်တွေရဲ့ဘေးနားမှာအိမ်စောင့်ခွေးလိုနေပြီး သခင်အလိုအတိုင်း ဟောင်ဆိုဟောင် ကိုက်ဆိုကိုက် လုပ်နေတာကြာပါပြီ။ အရင်ကနိုင်ကျဥ်းတွေရဲ့ ပါဆယ်က စာတွေကိုသူစစ်ရတယ်။

စာများရင်သူကဖြဲပြီးအမှိုက်ခြင်းထဲထည့်ပစ်တာမျိုးလည်းလုပ်ဖူးတယ်ဗျ။အခုကြားသလောက်ကတော့နိုင်ကျဥ်းတွေကိုရိုက်တယ်လို့ကြားရတာပါ။

သူကအခု မိန်းဂျေးနံပါတ်နှစ်ဖြစ်သွားတော့ တရားဝင်ရိုက်နှက်ခွင့်ပါပေးလိုက်တဲ့သဘောမျိုးပါပဲ”ဟု နိုင်ငံရေး အကျဉ်းသားများကို ကူညီနေသူတစ်ဦးက ပြောသည်။

မင်းရာဇာသည် အင်းစိန်ထောင်အတွင်းရှိ အာဏာပိုင်များနှင့်‌ပူးပေါင်းကာ နိုင်ငံရေးအကျဉ်းသားများ ဖိနှိပ်မှုကို ယခင်ကတည်းကလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း အကျဉ်းသားအရာရှိ နံပါတ်(၂)ရာထူးရရှိချိန်၌ နိုင်ငံရေးအကျဉ်းသားများအပေါ် ပိုမိုဖိနှိပ်မှုများလုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

“စိတ်ပါလက်ပါကိုလုပ်တာ။ “မင်းတို့လား နိုင်ကျဉ်း” “ဘယ်သူမှ ဂရူမစိုက်ဘူး” ဒီလိုတွေပြောပြီး ဆဲဆိုကြိမ်းမောင်းတာ “ဟု အထက်ပါနိုင်ငံရေးအကျဉ်းသားဟောင်းက ပြောသည်။

မင်းရာဇာသည် ပြီးခဲ့သည့် ၂၀၂၀တွင် အသက်မပြည့်သေးသည့် အိမ်အကူမိန်းကလေးအပေါ် မုဒိမ်းမှု၊ အပြင်းအထန်နာကျင်စေမှုများဖြင့် တရားစွဲဆိုခံခဲ့ရကာ ထောင်ဒဏ်(၂၇)နှစ်ကျခံနေရခြင်းဖြစ်သည်။

“အဓိကကတော့ သခင်အားရကျွန်ပါးဝဆိုပြီး နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်တာ။နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဂုဏ်သိက္ခာကို နှုတ်အားဖြင့်သော်လည်းကောင်း ကိုယ်အားဖြင့်သော်လည်းကောင်းစော်ကားတာ။

ပြီးတော့ရိုက်နှက်နှိက်စက်တယ်ဆိုတာကလည်း ထောင်အာဏာပိုင်တွေက တိုက်ရိုက်ခိုင်းစေတာမရှိဘဲနဲ့တောင် စိတ်ပါလက်ပါလုပ်ကြတယ်ဆိုတော့ ဒီကိစ္စကတော်တော်ရှက်စရာကောင်းတယ်။

နောက်ပြီး မင်းရာဇာကျတဲ့အမှုကလည်းသက်ငယ်မုဒိမ်းမှု အပြင်းအထန်နာကျင်စေမှု ရာဇဝတ်မှုပုဒ်မတွေဖြစ်တယ်။

နိုင်ငံရေးအကျဉ်းသားတွေဆိုတာက ယုံကြည်ချက်တစ်ခုကြောင့် စစ်အာဏာရှင်ကိုတော်လှန်ရင်း စစ်အာဏာရှင်ရဲ့မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူတွေဖြစ်တယ်။

ကျွန်တော်တို့မှာကိုယ်ပိုင် ဂုဏ်သိက္ခာတွေရှိတယ်။ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးတွေရှိတယ်။ဒါတွေကို မင်းရာဇာလို သက်ငယ်မုဒိမ်းရာဇဝတ်အကျဉ်းသားက ကျွန်တော်တို့ရပိုင်ခွင့်တွေကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်ပြီး စော်ကားနေတာကိုတော့ အပြင်းအထန်ရှုတ်ချပါတယ်”ဟု ယင်းဖြစ်စဉ်အပေါ် အထက်ပါနိုင်ငံရေးအကျဉ်းသားဟောင်းက ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *