လွှတ်တော်လုံခြုံရေး ထိန်းချုပ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရုပ်သိမ်း

နေပြည်တော်တွင် စစ်တပ်အာဏာသိမ်းသည့်နေ့မှစ၍ ပိတ်ထားရသည့် လွှတ်တော်အဆောက်အအုံတွင် တပ်စွဲထားသော စစ်သားအများအပြား ဒီဇင်ဘာ တတိယပတ်တွင် ပြန်လည်ရုပ်သိမ်းသွားသည်ဟု လွှတ်တော်နှင့် နီးစပ်သူ သတင်းရင်းမြစ်နှစ်ဦးက အတည်ပြုပြောဆိုသည်။

ထိုစစ်သားများကို ဦးစီးသူမှာ ဗျူဟာမှူးအဆင့်ရှိသူ ဗိုလ်မှူးကြီးတစ်ဦးဖြစ်ကြောင်း၊ ယင်းဗိုလ်မှူးကြီးအဆင့်ရှိသူများလည်း သုံးလတစ်ကြိမ် အပြောင်းအလဲရှိကြောင်း သတင်းရင်းမြစ်တို့က ဆိုသည်။

လွှတ်တော်လုံခြုံရေးဝန်ထမ်းများနှင့် ရဲတပ်ရင်းမှ ရဲတပ်ဖွဲ့ဝင်များက ပုံမှန်ပြန်လည်တာဝန်ယူနေသည်၊ လွှတ်တော်အဆောက်အအုံတွင် စစ်သားအနည်းငယ် ကျန်နေသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လွှတ်တော်ထဲမှာရှိတဲ့ စစ်တပ်အဖွဲ့တွေတောင် မရှိတော့ဘူး။ မိုင်းရှာတဲ့အဖွဲ့ လေးငါးယောက်ပဲ ကျန်တော့တယ် ဟု ထိုသတင်းရင်းမြစ်က ဆိုသည်။

အင်အား ၂၀ နှင့် ၃၀ ကြား ရှိသည့် စစ်သားများ လွှတ်တော်အဆောက်အအုံမှ ထွက်ခွာသွားကြခြင်းမှာ တစ်နိုင်ငံလုံးအနှံ့ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် အင်အားလိုအပ်ချက်အရ ပြန်လည်ခေါ်ယူခြင်း ဖြစ်နိုင်ကြောင်း ဝန်ထမ်းတချို့က ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် လွှတ်တော်နယ်မြေအတွင်းသို့ အများပြည်သူ ဝင်ရောက်လေ့လာခွင့်မရှိတော့သည့်အပြင် ဝန်ထမ်းများ၏ အဝင်အထွက်ကိုပါ တင်းကျပ်စွာ စစ်ဆေးလေ့ရှိသည်။

လွှတ်တော်အတွင်း အလုပ်ကိစ္စဖြင့် ဝင်ရောက်လိုသူများသည်လည်း မှတ်ပုံတင်နှင့် ဖုန်းကို အဝင်အထွက်ဂိတ်တွင် အပ်နှံထားခဲ့ရသည်။

သမ္မတအိမ်တော်နှင့် ဒုဝန်ကြီးအိမ်ရာများရှိသည့် လွှတ်တော်ပြင်ပပတ်လည်တွင်မူ လုံခြုံရေးဂိတ်များ ရှိနေဆဲဖြစ်သည်။ ဝန်ကြီးဌာနများနှင့် ကပ်လျက်ရှိသည့် လွှတ်တော်အနောက်ဘက် ရာဇဌာနီလမ်းမကြီးပေါ်တွင်လည်း အဝင်အထွက်ကို တင်းကျပ်စွာ စစ်ဆေးလေ့ရှိသည်။

လွှတ်တော်အနောက်ဘက် ရာဇဌာနီလမ်းနှင့် ဆက်နေသည့် ဝန်ကြီးဌာနများသိုသွားသည့် သုခမိန်လမ်းတွင် လုံခြုံရေးဂိတ်နှစ်ခုရှိသည်။

ထိုနေရာတွင် လမ်းနှစ်ဖက်ပိတ်ထားကာ ကောင်စီဝင်များနှင့် ဒုဝန်ကြီးအဆင့်ရှိသူများကိုသာ ဖြတ်သန်းသွားလာခွင့်ပြုကြောင်း နေပြည်တော်မှ ဝန်ထမ်းတစ်ဦးက ပြောသည်။

လွှတ်တော်တွင် အဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုသာ အဓိက လုပ်ဆောင်နေသည်၊ ဝန်ထမ်းများလည်း အလှည့်ကျစနစ်ဖြင့်သာ ရုံးတက်နေရကြောင်း လွှတ်တော်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *