လောက်ကိုင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ညွန့်လွင်ဦး စနိုက်ပါကျည်ထိမှန်ပြီး သေဆုံး

လောက်ကိုင်မြို့တွင် ယခုရက်ပိုင်းဖြစ်ပွားသောတိုက်ပွဲအတွင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ညွန့်လွင်ဦးသည် စနိုက်ပါကျည်ထိမှန်ပြီး သေဆုံးသွားသည်။

စစ်ကောင်စီလပ်အောက်ခံရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ညွန့်လွင်ဦးသည် လောက်ကိုင်မြို့တွင် စနိုက်ဘာထိမှန်သေဆုံးခြင်းဟု ၎င်း၏ တပည့် ရဲအရာရှိတစ်ဦးကပြောသည်။

“ဒဏ်ရာရထားတဲ့ တပ်ဖွဲ့ဝင်တွေဆီ သွားပြီး အားပေးဖို့ စခန်းကနေ ထွက်ပြီး မကြာဘူး။ အပစ်ခံရတာ။ သေသွားတယ်။ မနေ့ကပဲ သက်ပျောက်ဆွမ်းသွပ်တယ်” ဟု အထက်ပါ ရဲအရာရှိကပြောသည်။

ဒုတိယရဲမှူးကြီး ညွန့်လွင်ဦးသည် ဒီဇင်ဘာလလယ်က ရဲစခန်းတိုက်ခိုက်ခံရစဥ်ကလည်းဒဏ်ရာရခဲ့ပြီး ဒဏ်ရာသက်သာ၍ တာဝန်ပြန်ထမ်းဆောင်စဉ် စနိုက်ဘာကျည်ထိမှန်ခြင်းဖြစ်သည်။

၎င်းသည် မူလက ရဲလေ့ကျင့်ရေးဌာနတွင် ရဲမှူးရာထူးဖြင့် တာဝန်ထမ်းဆောင်နေရာမှ ၂၀၂၃ နှစ်လယ်တွင် ရာထူးတိုးကာ လောက်ကိုင်ခရိုင်ရဲတပ်ဖွဲ့မှူးအဖြစ် ခန့်အပ်ခံရခြင်းဖြစ်သည်။

“သေချင်တဲ့ကျား တောပြောင်းဆိုပြီး ဆရာ့အကြောင်း ပြောနေကြတယ်” ဟုရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး(တောင်ကြီး)မှ ရဲအရာရှိတစ်ဦးကပြောသည်။

ယခုအခါ ကိုးကန့်တပ်မတော် MNDAA သည်လောက်ကိုင်မြို့ ရာခိုင်နှုန်းအများစုကို ထိန်းချုပ်ထားနိုင်ပြီး ဒေသကွပ်ကဲမှု (လောက်ကိုင်) အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ အနည်းငယ်သာ ကျန်ရှိတော့သည်ဟု ကိုးကန့်သတင်းရင်းမြစ်က ပြောကြားထားသည်။

ထို့အပြင် လောက်ကိုင်တွင် အချိန်မရွေးတိုက်ပွဲဖြစ်နိုင်၍ အရပ်သားများနှင့် တရုတ်နိုင်ငံသားများအမြန်တိမ်းရှောင်ရန် MNDAA သတိပေးထားသည်။

(၁၀၂၇ စစ်ဆေးရေးမစခင် စက်တင်ဘာလအတွင်းက လောက်ကိုင်ဆေးရုံအတွင်း တွေ့ရသည့် ဒုရဲမှူးကြီး ညွန့်လွင်ဦး-ယာအစွန်)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top