မိုင်းလားဒေသခရိုင်သုံးခုအား တစုတည်းထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရအောင် ဆက်ကြိုးပမ်းမည်ဟု မိုင်းလားအဖွဲ့ပြော

▪️လုံခြုံရေးအခြေအနေ ကြီးမားသည့် စိန်ခေါ်မှု ရင်ဆိုင်နေရသော်လည်း ငြိမ်းချမ်းရေးလမ်းစဉ် အတိုင်း သွားမည်ဟု ဆို

မိုင်းလားဒေသခရိုင်သုံးခုအား တစုတစည်းတည်း ထားရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရအောင် မလျှော့သောဇွဲဖြင့် ဆက်လက်ကြိုးပမ်းမည်ဖြစ်ကြောင်း မိုင်းလားတပ်ဖွဲ့(NDAA)ဟု ခေါ်ဆိုသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ(၄) က အသိပေးသည်။
ဒီဇင်ဘာလ ၂၇ရက်မှ ၂၉ရက်အထိ ပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) မိုင်းလားအဖွဲ့၏ ၂၀၂၃ လုပ်ငန်းနှစ်ချုပ် အစည်းအဝေးတွင် အဖွဲ့အထွေထွေ အတွင်းရေးမှူး ဦးကြည်မြင့်က အလေးထားပြောကြားခဲ့သည်ဟု NDAA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၏ ဦးဆောင်မှုအောက်တွင် ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆက်လက် လျှောက်လှမ်းကာ မိုင်းလား၊ ဆီလူး၊နမ့်ပန်း ခရိုင်သုံးခုအား တစုတစည်းတည်းထားရှိပြီး ဒေသ၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် မိမိကိုယ်ကို အုပ်ချုပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိအောင် မလျော့သောဇွဲဖြင့် ကြိုးပမ်းသွား ရမည်ဖြစ်ကြောင်းအထွေထွေအတွင်း ရေးမှူး ဦးကြည်မြင့်မှ အလေးထား ပြောဆိုခဲ့ကြောင်း သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

၁၉၈၉ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးရယူပြီးနောက် မိုင်းလား၊ဆီလူး၊ နမ့်ပန်း စသည့်နယ်မြေ သုံးခုပါ ဒေသတစ်ခုလုံးကို အထူးဒေသ သတ်မှတ်ပေးခဲ့သော်လည်း ထွေအုပ်ဖွဲ့စည်းပုံတွင် မိုင်းလားတပ်၏ဆီလူးခရိုင်သည် မိုင်းယန်းမြို့နယ်တွင် ပါသွားပြီး နမ့်ပန်းဒေသသည် မိုင်းယု၊မိုင်းယောင်းဘက်ပါသွားကြောင်း၊ အဆိုပါ အခြေအနေသည် မိုင်းလားမြို့လေးသာ ကျန်နေတော့၍ မသင့်တော်ကြောင်း ဦးကြည်မြင့်၏ ပြောကြားချက်ကို ဧရာ၀တီသတင်းဌာနက ယနေ့ ဖော်ပြခဲ့သည်။

“တစ်ခုက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေးမယ် တစ်ခုက အဲဒီဒေသကို သုံးပိုင်းခွဲပြီးမှ ကျနော်တို့ကို နည်းနည်းလေးပဲ ကျန်ပေးမယ် အဲဒီလို ပုံစံလာတာဆိုတော့ မသင့်တော်ဘူးပေါ့။ ဒါကြောင့် အခြေခံစည်းမျဉ်းဥပဒေပြင်သင့်တယ်လို့ ကျနော်တို့ အဲဒီလို ထပ်ခါထပ်ခါ တောင်းဆိုတာပါ” ဟု ဦးကြည်မြင့်၏ ပြောကြားချက်ကို ဖော်ပြထားခြင်းဖြစ်သည်။

အစည်းအဝေး နောက်ဆုံးနေ့တွင်လည်း အတွင်းရေးမှူးချုပ် ဦးထိန်လင်းမှ ဒေသတစ်ခုလုံး၏ လုပ်ငန်းအချုပ်အစီရင်ခံစာ တင်ပြရာ လတ်တလော ပြည်တွင်း၊ ပြည်ပအခြေအနေသည် ရှုပ်ထွေးလျက်ရှိပြီး မိမိတို့ဒေသအနီးတစ်ဝိုက်၌ လုံခြုံရေးအခြေအနေသည်လည်း ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မိုင်းလားဒေသသည် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို ကာကွယ်စောင့်ထိန်းပြီး အွန်လိုင်း ငွေကြေးလိမ်လည်မှုများကို အဆက်မပြတ် တားဆီနှိမ်နင်းသွားမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၏ ဦးဆောင်မှုကို လိုက်နာပြီး ကော်မတီ၏ လမ်းစဉ်၊ ပေါ်လစီနှင့် မူဝါဒများကို တစ်သဝေမသိမ်း လိုက်နာကျင့်သုံးကာ ငြိမ်းချမ်းရေးလမ်းစဉ်ကို စွဲမြဲစွာ လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း အတွင်းရေးမှူးချုပ် ဦးထိန်လင်းမှ ပြောဆိုခဲ့ကြောင်း ဖော်ပြသည်။
လက်ရှိ စစ်ကောင်စီကို တိုက်ခိုက်ရန် တိုက်တွန်းလာမှုများလည်းရှိကြောင်း ဦးကြည်မြင့်၏ ပြောကြားချက်ကို ဧရာ၀တီသတင်းဌာနက ဖော်ပြခဲ့သည်။

“ကျနော်တို့ကို လာတိုက်တွန်းတဲ့သူများတယ်။ အဖက်ဖက်မှာ ပေါ့။ တိုက်တွန်းပြီးတော့မှ တိုက်ပွဲပါဝင်ဖို့ ကိုယ့်နေရာတိုးချဲ့ဖို့ အဲဒါနဲ့ ကျနော်တို့ဒီလိုနဲ့ဆိုတော့လောလောဆယ်ကျနော်တို့ လက်မခံနိုင်ဘူး။ ကျနော်တို့ညီအကို ဘေးနားမှာ ၀(၀တပ်ဖွဲ့ UWSA)ရော ကျနော်တို့နဲ့ အမြင်ချင်းတူတယ်။ ဆွေးနွေးရင်းနဲ့ ညှိနှိုင်းရေးလမ်းပေါ်မှာ သွားပါဆိုတော့ ဒါ ဖြေရှင်းလို့ မရတဲ့ နောက်ဆုံးမှာ ကိစ္စတွေ ပေါ်လာလို့ရှိရင်တော့ တမျိုးပေါ့ ။ ဒါပေမဲ့ လောလောဆယ်တော့ ကျနော်တို့ ဆန္ဒက ဆွေးနွေးပြီးတော့ ဖြေရှင်းသွားမယ်ဆိုတဲ့ သဘောထားရှိတယ်” ဟု ဦးကြည်မြင့်က ပြောကြားခဲ့သည်။

မိုင်းလားတပ်ဖွဲ့သည် စစ်အစိုးရလက်ထက်ကတည်းက အပစ်ရပ်စဲရေးလုပ်ဆောင်ခဲ့သည့် အဖွဲ့ဖြစ်ပြီး အစိုးရ အဆက်ဆက်နှင့် အဆင်ပြေအောင် ထိတွေ့ဆက်ဆံမှု ပြုလုပ်နေသည့် အဖွဲ့ဖြစ်သည်။ ထို့ပြင် စစ်ကောင်စီနှင့်လည်း တစုံတရာ ပြဿနာမရှိဘဲ လတ်တလော ရှမ်းမြောက်ဒေသတိုက်ပွဲတွင် မည်သည့်ဘက်မှ ပါဝင်မည်မဟုတ်ဟု ကြေညာထားသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) မိုင်းလားအဖွဲ့၏ ၂၀၂၃ လုပ်ငန်းနှစ်ချုပ် အစည်း အဝေး ဒီဇင်ဘာ ၂၉ရက်က ပြုလုပ်နေစဉ်။ ဓာတ်ပုံ – Mongla SR4 News Agency


Comments

Leave a Reply

Your email address will not be published. Required fields are marked *