လောက်ကိုင်တိုက်ပွဲ​ကြောင့် တရုတ်နိုင်ငံသား​တွေ သေဆုံးရမှုအ​ပေါ် တရုတ် အပြင်းအထန်ကန့်ကွက်

တရုတ်-မြန်မာ နယ်စပ်​လောက်ကိုင်မှာ ဖြစ်ပွားနေတဲ့ မြန်မာဖက်က တိုက်ပွဲတွေနဲ့ ဆက်စပ်ပြီး တရုတ်နိုင်ငံသားတွေ ထိခိုက် သေကြေနေတဲ့အပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း တရုတ်က သတိပေးစကား ပြောကြားလိုက်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာ အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ညီနောင် မဟာမိတ် သုံးဖွဲ့ကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်လက် ဖြစ်ပွားနေပြီး အဲဒီ ပဋိပက္ခနဲ့ ဆက်စပ်လို့ တရုတ်နိုင်ငံသားတွေ ထိခိုက် သေကြေတာတွေ ဖြစ်နေတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မော်နင်က ဆိုပါတယ်။

“လက်နက်ကိုင်ပဋိပက္ခကြောင့် တရုတ်နိုင်ငံသားသေဆုံးမှုများအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါတယ်။ သက်ဆိုင်
ရာအဖွဲ့အစည်းတွေထံ ပြင်းထန်တဲ့သဘောထား ကြေညာချက် ပေးပို့ပြီးဖြစ်ပါတယ်” လို့ဒီဇင်ဘာ ၂၉ ရက်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ​မော်နင် က ထည့်သွင်းပြောဆိုတာဖြစ်ပါတယ်။

မော်က တရုတ်အနေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းက ပဋိပက္ခတွေကို အလေးအနက် စောင့်ကြည့်နေကြောင်းနဲ့ တရုတ်နိုင်ငံသားတွေ သေဆုံးမှုအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောပါတယ်။ နောက်ပြီး နှစ်ဖက်စလုံးကို အပစ်အခတ် ချက်ချင်း ရပ်စဲဖို့၊ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို တာဝန်ယူ ကာကွယ်ပေးဖို့၊ တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်ကို ထိခိုက် အန္တရာယ် ပေးလာနိုင်တဲ့ ဖြစ်ရပ်တွေကနေ ရှောင်လွှဲနိုင်စေဖို့ ထပ်လောင်း တောင်းဆိုကြောင်းလည်း အဲဒီအမျိုးသမီးက ဆိုပါတယ်။

ဒါ​ပေမယ့် တရုတ်နိုင်ငံလူမှုကွန်ယက်​တွေပျံ့နှံ့​နေတဲ့ သတင်းအချို့အရ စစ်ကောင်စီတပ်က ​လေ​ကြောင်းမှဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ​ဆေးရုံကိုထိမှန်ခဲ့ပြီး တရုတ်နိုင်ငံသား​တွေ​သေဆုံးခဲ့တဲ့အတွက် တရုတ်အစိုးရက အပြင်းအထန်
ကန့်ကွက်ထားတယ်လို့ ​ဖော်ပြပါတယ် ။အဲဒီသတင်းအ​ပေါ် People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါဘူး။
တရုတ်အစိုးရကသတင်းစာရှင်းလင်းပွဲမှာ​ စစ်​ကောင်စီရဲ့​လေ​ကြောင်းတိုက်ခိုက်တဲ့အဲဒီဖြစ်စဥ်အ​ပေါ် အ​သေးစိပ်​ပြောကြားခဲ့တာမရှိပါဘူး။

ဒါအပြင် အရင်အပါတ်က တရုတ်ရဲ့ စီစဥ်​ပေးမှုနဲ့ ညီ​နောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်​ကောင်စီတို့ကြား ဒုတိယအကြိမ် ​တွေ့ဆုံ​ဆွေ​နွေးပွဲ မ​အောင်မြင်ခဲ့တဲ့အ​ပေါ်မှာလည်းတရုတ်က စိတ်ပျက်​နေတယ်လို့ လည်းသိရပါတယ် ။

“ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့လက်ရှိလုံခြုံရေးအခြေအနေမှာ ပြင်းထန်ရှုပ်ထွေးပါတယ်။ တရုတ်နိုင်ငံခြားရေးဌာနဟာ တရုတ်နိုင်ငံသားများ ရှမ်းပြည်မြောက်ပိိုင်းကို ခရီးသွားလာခြင်းမပြုဖို့ သတိပေးထားပြီး အဲဒီဒေသရှိ တရုတ်နိုင်ငံသားများအနေနဲ့ ဘေးကင်းရေးကြိုတင်လုပ်ဆောင်ထားဖို့ တိုက်တွန်းထားပါတယ်” လို့လည်း​မော် က ဆက်ပြောပါတယ်။

အစောပိုင်းတုန်းက တရုတ် အစိုးရဟာ ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ရေး ပဋိပက္ခတွေ ပြေငြိမ်းပြီး အပစ်အခတ် ရပ်စဲစေဖို့ ကြားဝင် စေ့စပ်ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် မြေပြင် အခြေအနေတွေနဲ့တော့ ကွာဟနေပါတယ်။ မော်ရဲ့ အခုနောက်ဆုံး ထုတ်ပြန်ချက်က တရုတ်ဟာ သူတို့ ကြားဝင် ညှိနှိုင်းပေးမှု မအောင်မြင်ကြောင်း ကိုယ်တိုင် ဝန်ခံရသလို ဖြစ်လာပါတယ်။

တရုတ်အစိုးရရဲ့​ပြောကြားချက်နဲ့ ပတ်သပ်လို့ MNDAA ရဲ့သ​ဘောထားကို​မေးမြန်းဖို့ ​ပြော​ခွင့်ရပုဂ္ဂိုလ်ကို ဒီက​နေ့(ဒီဇင်ဘာ ၃၁ )မနက်ဆက်သွယ်​ပေမယ့်ဆက်သွယ်လို့
မရ​သေးပါဘူး။

MNDAA ကလည်း​လောက်ကိုင်မြို့မှာ တိုက်ပွဲ​တွေအချိန်မ​ရွေးပြင်းထန်လာနိုင်တဲ့အတွက် အရပ်သား​တွေနဲ့ တရုတ်နိုင်ငံသား​တွေ ​ဘေးကင်းရာကို အမြန်ဆုံးတိမ်း​ရှောင်ကြဖို့ ဒီဇင်ဘာ ၃၀ ရက်မှာသတိ​ပေးထားပါတယ်။

အခုအခါလောက်ကိုင်မြို့မှာ စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အနည်းငယ်သာကျန်ရှိတော့တဲ့အခြေအနေကြောင့် အာဏာသိမ်းစစ်တပ်ဟာ လောင်ကိုင်မြို့ လက်နက်ကြီးနဲ့သာမက လေကြောင်းကနေလည်း နေ့စဥ် ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိနေခဲ့ပါတယ်။ စစ်ကောင်စီတပ်ရဲ့ အဆင်ခြင်မဲ့လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံအရပ်သားပြည်သူတွေနဲ့ တရုတ်နိုင်ငံသားအချို့ သေဆုံးဒဏ်ရာရရှိမှုတွေ ဖြစ်ပေါ်နေတာလို့​ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

MNDAA ​ပြော​ရေးဆိုခွင့်ရှိသူ လီကျာဝင်းက ​လောက်ကိုင်မြို့ကိုသိမ်းဖို့အတွက် စစ်​ကောင်စီရဲ့ ဒကစ နဲ့ စစ်စခန်းအနည်းငယ် ကျန်​​နိုင်​သေးတယ်လို့ ဒီဇင်ဘာ ၃၀ ရက် ည​နေမှာ People’s Spring ကို​ပြောပါတယ် ။

(တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မော်နင်။ဓါတ်ပုံ- EPA/EFE)


Comments

Leave a Reply

Your email address will not be published. Required fields are marked *