“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၆၅) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ယခုရက်သတ္တတစ်ပတ်အတွင်း မိမိတို့ ရည်မှန်းထားသော စစ်ဆင်ရေးပစ်မှတ်များ၊ ပြည်သူလူထုအား ဒုက္ခပေးနေသော ရန်သူ၏ လက်နက်ကြီးစခန်းကုန်းများ၊ ဗျူဟာစခန်းကုန်းများနှင့် သိမ်းပိုက်ရန် တစ်ဝက်တစ်ပျက် ကျန်ရှိနေသေးသော ရန်သူ့စခန်းကုန်းများကို မရပ်မနား တရစပ် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ကြသည်။

ထို့အတူ မိမိတို့၏စစ်ဆင်ရေးကို အနှောင့်အယှက်ပေးပြီး စစ်ရေးအရ မဖြစ်မနေလုံးဝအရယူရမည့် စခန်းများကို အပြည့်အဝအလုံးစုံသိမ်းပိုက်ရယူနိုင်ခဲ့ပြီးနောက် ၎င်းစခန်းများရှိရာ မြို့တချို့တို့သည်လည်း မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့လက်အောက်သို့ ကျရောက်ခဲ့ပြီးဖြစ်သည်။

ကိုးကန့်ဒေသအတွင်းတွင် ဒကစ (လောက်ကိုင်) မှလွဲ၍ ရန်သူ့စခန်းများမှာ များများစားစားမရှိတော့ပြီဖြစ်သကဲ့သို့ တအာင်းအဖွဲ့အစည်းအနေဖြင့်လည်း ၎င်းတို့၏ စစ်ရေးရည်မှန်းချက်နှင့်အတူ တအာင်းပြည်နယ်ရည်မှန်းချက်ကို တစ်ဆင့်ပြီး တစ်ဆင့် အကောင်အထည်ဖော်လျက်ရှိသည်။ ထို့အတူ ရက္ခိုင့်တပ်တော်အနေဖြင့်လည်း ၎င်းတို့အဖွဲ့အစည်းမှ သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက်များကို တစ်ဆင့်ချင်းတစ်ဆင့်ချင်း အကောင်အထည်ဖော်လျက်ရှိသည်။

ဤသည်မှာ ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် ၁၀၂၇ စစ်ဆင်ရေး၏ အနှစ်သာရနှင့် အဓိကစစ်ရေးရည်မှန်းချက်များပင် ဖြစ်သည်။ မိမိတို့အနေဖြင့် မိမိတို့သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက်များကို အပြည့်အဝရယူရင်း မြန်မာပြည်သူ လူထုတစ်ရပ်လုံး၏ လိုလားနေသောဆန္ဒကိုလည်း တပါတည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ စစ်အာဏာရှင်ဖြုတ်ချရေးသမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မမျှော်မှန်းဖူးသော ရန်သူ့ပစ်မှတ်များကို တစ်ခုပြီးတစ်ခု အလဲထိုးသိမ်းပိုက်ရယူနိုင်ခဲ့သော်လည်း ရန်သူကိုလျှော့မတွက်ကြစေရန်နှင့် ရန်သူ၏ ခေတ်အဆက်ဆက် သွေးခွဲမှု၊ မက်လုံး၊ အာဏာများဖြင့် မြူဆွယ်ခြင်းများကို သတိထားကြရန် အထူးလိုအပ်သည်ကို တော်လှန်ရေးထဲမှ ဖြတ်သန်းခဲ့ကြသော အတွေ့အကြုံ၊ သင်ခန်းစာများကို ကိုးကားပြီး အထူးသတိထားကြရန် တော်လှန်ရေးစေတနာဖြင့် အသိပေးလိုက်ပါသည်။

သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များအား ဆက်လက်ချေမှုန်းသိမ်းပိုက်ရယူနိုင်ရေးအတွက် မိမိတို့ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ပုံမှန် ဆက်လက်ဆင်နွှဲလျက်ရှိသည်။ ယနေ့တွင်လည်း ရန်သူနှင့် မိမိတို့ကြား ထိတွေ့တိုက်ပွဲများမှာ ယခင် ရက်များနည်းတူ ဆက်လက်ပြင်းထန်နေခဲ့သည်။ တစ်ပြိုင်နက်တည်းတွင် ရန်သူသည်လည်း စစ်ရေးရှုံးနိမ့်မှုများကို အငြိုးအတေးဖြင့် မိမိတို့၏ အပြစ်မဲ့အရပ်သားများနှင့် လူနေအိမ်များရှိရာကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်ပြီး စစ်ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်ခဲ့သည်။

(၁) ရှမ်းမြောက်ဒေသတွင်း စစ်စခန်းကြီးများ အပါအဝင် အချက်အချာကျသော မြို့ကြီးများကိုပါ ကျရှုံးနေရသည့် စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တစ်ရက်တည်းတွင် တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ မိုင်းငေါ့မြို့နယ်ရှိ စစ်ကောင်စီတပ်မှ မာမိုကျေးရွာနှင့် နမ့်တွေကျေးရွာအနီးတစ်ဝိုက်အား ဂျက်ဖိုက်တာဖြင့် (၁) ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နမ့်တွေကျေးရွာနှင့် ကွန်စလမ်ကျေးရွာသို့လည်း လက်နက်ကြီးဖြင့် (၈) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အလားတူပင် လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်မှ နမ္မတူမြို့ (၁၀) မိုင်ကုန်းနှင့် နာဆိုင်းကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် (၄) ကြိမ်၊ ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်မှ ပန်ကူကျေးရွာအနီးတစ်ဝိုက်သို့ လက်နက်ကြီးဖြင့် (၆) ကြိမ်၊ သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်မှ တုန်ကားကျေးရွာအနီးတစ်ဝိုက်သို့ လက်နက်ကြီးဖြင့် (၂) ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

(၂) ယနေ့တွင်လည်း မြေပြင်စစ်ကူအင်အားဖြည့်တင်းခြင်းကို ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိတော့သည့် စစ်ကောင်စီ မှ Mi17 ထောက်ပို့ရဟတ်ယာဉ်ဖြင့် ၎င်း၏ မူဆယ်မြို့အခြေစိုက်တပ်စခန်းသို့ လက်နက်အင်အားနှင့် စစ်သည်အင်အား (၂) ကြိမ် လာရောက်အားဖြည့်ခဲ့ပြန်သည်။

(၃) ယမန်နေ့ ည၊ လူသူတိတ်ဆိတ်ချိန်ကပင် ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့တွင်းသို့ ဝင်ရောက်နေရာယူထားသော အကြမ်းဖက် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်အင်အား (၃၀) ခန့်သည် ယနေ့၊ နံနက် (၁၁) နာရီအချိန်ခန့်တွင် မြို့ပေါ်ရပ်ကွက်တချို့အား လူမဆန်စွာဖြင့် တမင်တကာ သွားရောက်မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ရမ်းဗြဲမြို့၊ အမှတ် (၅) ရပ်ကွက်၊ လောင်းချောင်း အရပ်ရှိ ဒေသခံပြည်သူတို့၏ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရသည်။

(၄) ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့၊ နေ့လယ် (၁၂) နာရီဝန်းကျင်ခန့်မှစ၍ ရက္ခိုင်ပြည်၊ ပေါက်တောမြစ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ကမ်းထိုးဇက်နေဗီ (၃) စီးမှ ပေါက်တောမြို့ပေါ်ရပ်ကွက်များအား လက်နက်ကြီးများဖြင့် တမင်တကာ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက် (၁) ခု မီးလောင်ခဲ့ရပြန် သည်။

(၅) ယနေ့၊ နံနက် (၂) နာရီအချိန်ခန့်တွင် ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ မြောင်းဘွေရဲစခန်းအား ရက္ခိုင့်တပ်တော် (AA) မှ ထိုးစစ်ဆင်တိုက်ခိုက်နေစဉ် ၎င်းရဲစခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မောင်ညိုကျွန်းရွာအနီးရှိ လယ်ကွင်းပြင်၌ စပါးရိတ်သိမ်းနေသည့် အရွယ်မရောက်သေးသည့် အသက် (၁၃) နှစ်အရွယ် မွတ်ဆလင်ယောကျ်ားလေး (၁) ဦးနှင့် မွတ်ဆလင်ကျေးရွာသား (၃) ဦးအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်‌ဆောင်သွားခဲ့သည်။ ထို့အပြင် ပီပင်ရင်း ကျေးရွာအားလည်း အဆိုပါတပ်ဖွဲ့ဝင်များမှ လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ ခြောက်လှန့်ပစ်ခတ်ခဲ့သည်။

ဤသို့ အရပ်သားပြည်သူလူထုအား လက်နက်အားကိုးဖြင့် ခြိမ်းခြောက်အနိုင်ကျင့်နေသော စစ်ကောင်စီလက်အောက်ခံ မြောင်းဘွေရဲစခန်းအား ယနေ့၊ နံနက်တွင် ရက္ခိုင့်တပ်တော် (AA) မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်။

(၆) ယနေ့၊ နံနက် (၈) နာရီအချိန်ခန့်၌ ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ “စကခ (၉)” မှ တောင်ရှည်တောင်အနီးသို့ အတွဲလိုက်ဒုံးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တစ်ဆက်တည်းမှာပင် နေ့လယ် (၂) နာရီအချိန်ခန့်ကလည်း စစ်ကောင်စီသည် Y12 ထောက်ပို့ရဟတ်ယာဉ် (၂) စီးဖြင့် ပလက်ဝမြို့ရှိ ဆမီး ကျေးရွာနှင့် ကျောက်တော်မြို့နယ်ရှိ တောင်ရှည်တောင်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများအား ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ၎င်းကျေးရွာများ အပါအဝင် အနီးအနားကျေးရွာများမှ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

(၇) ရက္ခိုင်ပြည်၊ မြို့နယ်အချို့တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား ထိတွေ့တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိရာ စစ်ကောင်စီသည် ဆက်သွယ်ရေးလိုင်းဖြတ်တောက်ခြင်း၊ ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ ဟန့်တားခြင်း များအား အပြင်းအထန်ပြုလုပ်လာခဲ့သည်။

အချိန်တိုအတွင်း မထင်မှတ်ထားသည့်အရှုံးရလဒ်အား ထိပ်တိုက်ရင်ဆိုင်လာရသည့် စစ်ကောင်စီသည် အရှုံးကို ဗြောင်လက်ခံနိုင်စွမ်းမရှိသကဲ့သို့ စစ်မြေပြင်တွင်လည်း စစ်ကူများ အချိန်မီထောက်ပံ့ပေးနိုင်ခြင်းမရှိတော့သည်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တိုင်း အားလုံးအသိပင် ဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီ၏ ကိုယ်ကျိုးစီးပွားနှင့် အာဏာတည်မြဲစေရန် အသက်ပေးတိုက်ခိုက်နေရသည့် အခြေအနေမျိုးမှ စွန့်ခွာ၍ အမှန်တရားကို သိမြင်လာပြီး နောင်တမရကြစေရန်နှင့် ပြည်သူ့ရင်ခွင်ထဲသို့ အမြန်ဆုံးခိုလှုံကြရန်ကိုလည်း စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များအား မိမိတို့ညီနောင် (၃) ဖွဲ့အနေဖြင့် နှစ်မကုန်မီ ထပ်မံတိုက်တွန်းလိုက်ပါသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


Comments

Leave a Reply

Your email address will not be published. Required fields are marked *