TNLA တပ်များက မြို့ထဲသို့ ရောက်ရှိလာပြီး စစ်တပ် ဆုတ်ခွာ

မိုင်းငေါ့မြို့တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ပြည်သူ့နေအိမ်များ မီးလောင်ပြာကျ၊ TNLA တပ်များက မြို့ထဲသို့ ရောက်ရှိလာပြီး စစ်တပ် ဆုတ်ခွာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့တွင် ဒီဇင်ဘာ ၃၀ ရက်နေ့ ညပိုင်းမှစ၍ အကြမ်းဖက်စစ်တပ်နှင့် TNLA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် မန်တုံရပ်ကွက်နှင့် ဈေးရပ်ကွက်ရှိ နေအိမ်များ ထိမှန် မီးလောင် ပြာကျသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး လက်ရှိအချိန်တွင် TNLA တပ်များ မြို့ထဲ ဝင်ရောက်လာပြီ ဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“တိုက်ပွဲပစ်နေပြီ မိုင်းငေါ့မှာ။ အခုမနက်လည်း တိုက်ပွဲပြင်းထန်နေတုန်းပဲ။ TNLA တပ်တွေမြို့ထဲရှိရောက်လာပြီ။ မြို့ထဲမှာလည်း ထိတဲ့အိမ်တွေ ထိကုန်ပြီ။ ဈေးရက်ကွက်ထဲက အိမ်တချို့ရယ် မန်လုံရက်ကွက်က အိမ်တချို့ရယ် ထိတာ။ ဈေးရပ်ကွက်ထဲက မီးလောင်ပြာကျကုန်ပြီ။ အဲဒီနား ဓာတ်ဆီဆိုင်ရှိတာ ဓာတ်ဆီဆိုင်ပါ ပြာကျ”ဟု ဒေသပြည်သူတစ်ဦးကပြောပြသည်။

ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး မြို့ပြင်ထွက် အိပ်ကြကာ ပြည်သူ အချို့သာ အိမ်စောင့်၍ နေနေကြကြောင်း သိရှိရသည်။

လတ်တလော မိုင်းငေါ့မြို့တွင် TNLA တပ်များ မြို့ထဲသို့ ဝင်ရောက် နေရာယူလာချိန်တွင် စစ်တပ်က မြို့ထဲ နေရာများ ဆုတ်ခွာသွားကြောင်း ဒေသပြည်သူများ၏ အဆိုအရ သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *