တာမွေတွင် မူးယစ်ဆေးဝါးများ ရောင်းချပြီး စစ်တပ်အသိုင်းအ၀ိုင်းမှ သားသမီးများ ပျော်ပါးလေ့ရှိသည့် The Maze ကလပ်အနီးတွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက် ကွဲ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် မူးယစ်ဆေးဝါးများ ရောင်းချပြီး စစ်တပ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းမှ သားသမီးများ ပျော်ပါးလေ့ရှိသည့် The Maze ကလပ်အနီးတွင် ဗုံးပေါက်ကွဲခဲ့ပြီး ယင်းကလပ်ကို ဖွင့်လှစ်ထားသူများသည် စစ်တပ်နှင့်ရဲထိပ်ပိုင်းနှင့် ဆက်နွယ်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၁ နာရီ ၂၃ မိနစ်အချိန် တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ The Maze ကလပ်အနီးတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲသံသည် အလွန်ကျယ်လောင်ပြီး ရန်ကုန်မြို့ နေရာအများစုမှ ကြားရကြောင်း၊ ယင်းအချိန်အထိ အဆိုပါ The Maze ကလပ်မှာ တံခါးပိတ် ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ မနက်အစောကြီး ဗုံးပေါက်တဲ့ The Maze ကလပ်က မူးယစ်ဆေးဝါးပေါ်ပေါ်တင်တင်ရောင်းတဲ့နေရာ။ လူငယ်တွေလာကြတယ်။ အထူးသဖြင့်တော့ စစ်တပ်နဲ့ရဲထိပ်ပိုင်း သားသမီးတွေ၊ ငွေကြေးချမ်းသာသူတွေရဲ့ အသိုင်းအ၀ိုင်းက လူငယ်တွေလာကြတာ။ ဖွင့်တာကလည်း ညလုံးပေါက်ဖွင့်တယ်။ ကာဖျူးရှိလည်း တစ်ညလုံး သူတို့ဖွင့်ကြတာ။ သိရတာက ဖွင့်တဲ့သူတွေကလည်း တပ်နဲ့ ရဲ နဲ့ အဆက်အနွယ်တွေလို့ပြောတယ်။ ဒါကြောင့် မူးယစ်ဆေးဝါး တရားဝင်ရောင်းလို့ရတာ” ဟု အဆိုပါ ကလပ်အကြောင်း သိရှိထားသူ စီးပွားရေးသမားတစ်ဦးက ပြောသည်။

The Maze ကလပ်တွင် မူးယစ်ဆေးဝါး အသုံးပြုနိုင်သည့် သီးသန့် ဟိုင်းခန်းများ ပြုလုပ်ပေးထားပြီး E ဆိုသည့် အက်တစီ (Ecstasy) ၊K ဟုခေါ်သည့် ကက်တမင်း (Ketamine) ၊ ဟက်ပီးWater အပါအဝင် စိတ်ကြွဆေးပြားမျိုးစုံ ရရှိ ရောင်းချကြောင်း သိရှိရသည်။

စစ်ကောင်စီနှင့်ပတ်သက်နေခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်နေခြင်းကြောင့် စီးပွားရေးပစ်မှတ်အဖြစ် တာမွေ The Maze ကလပ်ကို ဖောက်ခွဲတိုက်ခိုက်ဟု Dark Shadow အဖွဲ့က ပြောဆို

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် စစ်ကောင်စီနှင့်ပတ်သက်နေခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်နေခြင်းကြောင့် စီးပွားရေးပစ်မှတ်အဖြစ် တာမွေ The Maze ကလပ်ကို ဖောက်ခွဲတိုက်ခိုက်ဟု Dark Shadow အဖွဲ့မှ ခေါင်းဆောင်ဖြစ်သူကပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၁ နာရီ ၂၃ မိနစ်အချိန် တာမွေမြိုနယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ The Maze ကလပ်ကို ကျွန်ုပ်တို Dark Shadow တပ်ဖွဲမှ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုကလပ်သည် စစ်ကောင်စီနှင့် ဆက်နွယ်သော အသိုင်းအဝိုင်းမှ လူများ ပျော်ပွဲရွှင်ပွဲများ စီစဉ်ကျင်းပရာ နေရာဖြစ်ပြီး မူးယစ်ဆေးဝါးများ ရောင်းချ သုံးစွဲရာနေရာလည်းဖြစ်သောကြောင့် စစ်ကောင်စီ၏ စီးပွားရေးဆိုင်ရာ ပစ်မှတ်အဖြစ် သတ်မှတ်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Dark Shadow (UG) အဖွဲ့အနေဖြင့် ရန်ကုန်မြိုရှိ စစ်ကောင်စီ၏ စစ်ရေး၊ အုပ် ချုပ်ရေး နှင့် စီးပွားရေး ဒေါက်တိုင်များကို တိုက်ခိုက်လျက်ရှိပြီး Dark Shadow (UG) ညီနောင်များက တော်လှန်ရေးကာလ စတင်သည့်နေ့မှ စ၍ ယနေ့တိုင် အခက်အခဲ၊ ဆုံးရှံးမှုများစွာ ရှိခဲ့သော်လည်း တစ်ရက်မှ မနားခဲ့ကြောင်း၊ လူထုနှင့် တော်လှန်ရေး အပေါ် သစ္စာရှိစွာဖြင့် မစ်ရှင် များကို ပိုမို ကြိုးစားလုပ်ဆောင် သွားပါမည် ဖြစ်ကြောင်း နှစ်သစ်ကတိပြုချက်အဖြစ် ပြည်သူသို့ အသိပေးပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *