ကျောက်တော် တင်းမဗျူဟာကုန်း AA ထိုးစစ်တွင် စစ်ကောင်စီ အထိနာနေ

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် တင်းမကျေးရွာရှိ တင်းမဗျူဟာကုန်းသိမ်းပိုက်နိုင်ရေး AA ၏ ထိုးစစ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်မှ အထိနာနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

တင်းမဗျူဟာကုန်းကို စစ်ကောင်စီက တင်းမကျေးရွာနှင့်ကပ်လျှက်ရှိသည့် တောင်ရှည်တောင်တွင် တပ်စွဲထားခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော် AA က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့မှစ၍ အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့က နှစ်ဖက်တိုက်ပွဲမှာ ပိုမိုပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးမှုရှိခဲ့၍ စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူမှု၊ လက်နက်ကြီးပစ်ကူပေးခဲ့ရသည်အထိ အထိနာလျှက်ရှိကြောင်း သိရသည်။

ကျောက်တော် ဒေသခံတစ်ဦးက “ဒီဇင်ဘာ ၃၁ ညဉ့်ကတည်းက တိုက်ပွဲအပြင်းထန်ဖြစ်နေတာ။ သေနတ်သံတွေလည်း ကြားရတယ်။ တပ်မက နေလက်နက်ကြီးတွေနဲ့လည်း ဆက်တိုက်ပစ်နေတယ်။ ဒီနေ့မနက်က လေယာဥ်လာပြီး ပစ်သွားတယ်။ လေယာဥ်က ၂ စင်းလောက်အသွားအပြန်လုပ်နေတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အများအပြားကျဆုံးမှုရှိကြောင်းလည်း နောက်ထပ် ဒေသခံတစ်ဦးက ဆိုသည်။

“စစ်ကောင်စီဖက်က အကျဆုံးများနေတယ်လို့ သိရတယ်။ မနေ့က တစ်နေ့လုံး တိုက်ပွဲပြင်းထန်နေတယ်။ စစ်ကောင်စီဖက်က အထိနာနေတော့ လက်နက်ကြီးနဲ့ မနားတမ်းပစ်သလို လေယာဥ်လည်း မကြာမကြာလာပစ်တယ်” ဟု ပြောသည်။

တင်းမကျေးရွာ တင်းမဗျူဟာကုန်းမှာ ကျောက်တော်မြို့နှင့် မိုင် ၂၀ ခန့်သာ ဝေးပြီး စစ်ကောင်စီ၏ ကျောက်တော်တပ်မနှင့်လည်း မိုင် ၂၀ ခန့်သာ ဝေးကွာကာ AA ထိုးစစ်တွင် အထိနာနေ၍ ကျောက်တော်တပ်မက လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေခြင်းဖြစ်သည်။

တင်းမဗျူဟာကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အနီးအနားက ရခိုင်ပြည်သူလူထုအား နှစ်ရှည်လများ ဒုက္ခပေးနေခြင်း၊ သတ်ဖြတ်နေခြင်း၊ နေအိမ်များအား မီးရှို့ခြင်းနှင့် ဖမ်းဆီးခြင်းတို့ကို ကျူးလွန်နေ၍ AA က အပြီးသတ်သိမ်းပိုက်နိုင်ရေးကို ကြိုးပမ်းနေခြင်းဖြစ်သည်။

တစ်ဖက်မှာလည်း ဒေသခံများကြားတွင် တင်းမဗျူဟာကုန်းကို ဇန်နဝါရီလ ၁ ရက်နေ့ နေ့လယ်က AA မှ သိမ်းပိုက်လိုက်ပြီဟု သတင်းထွက်ပေါ်နေသော်လည်း ရက္ခိုင့်တပ်တော် AA နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့က တရားဝင် ထုတ်ပြန်ခြင်းမရှိသေးပေ။

တင်းမကျေးရွာ တောင်ရှည်တောင်ရှိ တင်းမဗျူဟာကုန်းကို ၂၀၁၉ ခုနှစ်ကစ၍ တပ်စွဲနေထိုင်ခြင်းဖြစ်ပြီး ကျောက်တော်-လက်ဝ ရေလမ်းကြောင်း ကုလားတန်မြစ်ကမ်းဘေးတွင် တည်ရှိနေခြင်းဖြစ်သည်။

တင်းမဗျူဟာကုန်း တိုက်ပွဲပြင်းထန်နေစဥ် စစ်ကောင်စီမှ လက်နက်ကြီးများပစ်ခတ်မှုကြောင့် အနီးနားကျေးရွာများဖြစ်သည့် ဝက်မကျ၊ သားပုံ၊ လောင်းရှည်၊ ကွမ်းစည်း စသည့် ကျေးရွာမှ ဒေသခံများမှာ ရွာလုံးကျွတ် ဘေးလွတ်ရာသို့ တိမ်းရှောနေကြရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီး ဝက်မကျကျေးရွာအနီးတွင်ကျ၍ နွားနှင့် ဆိတ်အကောင်ရေ ၂၀ ခန့်သေဆုံးခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် AA မှ ကုလာတတန်မြစ်ကြောင်းတစ်လျှောက်ရှိ စစ်ကောင်စီဗျူဟာကုန်းများကို ထိုးစစ်ဆင်တိုက်လိုက်လျှက်ရှိနေပြီး ပလက်ဝမှ တရွန်အိုင်၊ နှုံးဘူး၊ ခဝဲကုန်း၊ ပွိုင့် ၃၇၇ စသည်တို့ကို သိမ်းဆည်းရမိပြီးဖြစ်ကာ လက်ရှိတွင် တင်းမဗျူဟာကုန်းအပါအဝင် တပ်စခန်းအချို့ကို ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ခဲ့သည့် ရခိုင်ပြည်အတွင်း တတိယအကြိမ် တကျော့ပြန်တိုက်ပွဲများအတွင်း AA မှ စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ် တပ်စခန်းများ၊ ဗျူဟာကုန်းများနှင့် နယ်ခြေားစောင့်စခန်း၊ ရဲစခန်း စသည့် တပ်စခန်းပေါင်း ၁၅၀ ခန့်ကို သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း AA မှ ထုတ်ပြန်ထားသည်။

ပုံစာ-စစ်ကောင်စီ ခဝဲဗျူဟာကုန်းအား ရက္ခိုင့်တပ်တော် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ


Comments

Leave a Reply

Your email address will not be published. Required fields are marked *