စစ်ကောင်စီထံ အလင်း၀င်ခဲ့သော ငပုတောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ထောင်ဒဏ် ၂၂ နှစ် ချခံရ

စစ်ကောင်စီထံ လွန်ခဲ့သောတစ်နှစ်ကျော်ကအလင်း၀င်ခဲ့ပြီးခံ၀န်လတ်မှတ်ထိုးထားသော ငပုတောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်စိုးကို အကြမ်းဖက်ပုဒ်မများနှင့် ထောင်ဒဏ်၂၂နှစ်ချမှတ်ခဲ့ကြောင်း တရားရေးဌာနနှင့်နီးစပ်သူများထံမှသိရှိရသည်။

ဦးသက်ပိုင်စိုးကို ဧရာဝတီတိုင်း ပုသိမ်ခရိုင်တရားရုံးက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်က အမိန့်ချခဲ့ခြင်းဟု သိရသည်။

“ငပုတောမြို့နယ် ငရုတ်ကောင်းနဲ့ ဟိုင်းကြီးနယ်မြေရဲစခန်းတွေက တရားလို ပြုလုပ်ပြီး အကြမ်းဖက်ပုဒ်မ သုံးခုနဲ့ တရားစွဲခဲ့တာ။ သူက အရင်က ခံ၀န်ထိုးပြီး အိမ်မှာပြန်နေတာ”ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးမှပြောသည်။

ဦးသက်ပိုင်စိုးကို ၂၀၂၃ ခုနှစ် ဇူလိူင်လ၁၇ရက်နေ့တွင် ငပုတောမြို့နယ် ရဲစခန်းမှ လတ်မှတ်ထိုးရန်ကျန်ရှိသည်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားကာ ဖမ်းဆီးထားပြီး ငါးလ အကြာတွင် ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများထံမှသိရှိရသည်။

ဦးသက်ပိုင်စိုးသည် ၂၀၂၀ရွှေးကောက်ပွဲတွင် NLDပါတီမှ ငပုတောမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပြီး စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲများတွင်ပါ၀င် ခဲ့ကာ စစ်ကောင်စီက ပုဒ်မ ၅၀၅ ဖြင့် ၀ရမ်းထုတ်သောကြောင့် တိမ်းရှောင်ခဲ့ရပြီးပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ငပုတောမြို့နယ်တာဝန်ခံ အဖြစ် တာဝန်ယူခဲ့သေးကြောင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

၂၀၂၂၊ဇူလိူင်လ၂၁ရက်နေ့တွင်ကျုံပျော်မြို့ ခန်းမတွင် ပြုလုပ်သောစစ်ကောင်စီထံ PDF ငါးဦးအလင်း၀င်ပွဲတွင် ဦးသက်ပိုင်စိုး ပါ၀င်ပြီးစစ်ကောင်စီအနေဖြင့် တိုင်းပြည်ကိုချစ်သည်ဟု ယုံကြည်သည့်အတွက် လက်နက်ကိုင်လမ်းစဥ်ကိုစွန့်ပြီး အလင်း၀င်ရောက်ခဲ့ကြောင်းပြောဆိုသည့် ရုပ်သံကိုစစ်ကောင်စီလက်အောက်ခံ သတင်းဌာနများ၊ တယ်ရီဂရမ်ချယ်နယ်များတွင်ဖော်ပြခဲ့ကြသည်။

ဓာတ်ပုံ-စစ်ကောင်စီ ထံအလင်း၀င်ရောက်ခဲ့စဥ် က ရုပ်သံတွင် တွေ့ရသောဦးသက်ပိုင်စိုး


Comments

Leave a Reply

Your email address will not be published. Required fields are marked *