နွားထိုးကြီးရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာ နေရာများအား PDF တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ရှိ ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာ နေရာများအား နွားထိုးကြီး PDFအဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ၃၁ ရက် နေ့လယ် ၁၂နာရီခန့်က နွားထိုးကြီးမြို့မရဲစခန်းနှင့် စစ်ကောင်စီတပ်စွဲရာ ဆောက်လုပ်ရေးရုံးတို့အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Natogyi People Defence Force အဖွဲ့က ထုတ်ပြန်သည်။
တိုက်ခိုက်မှုမှာ ၂နာရီခန့်ကြာမြင့်ခဲ့ပြီး ရဲ သုံးဦး၊ စစ်သား ငါးဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် Natogyi People Defence Force အဖွဲ့က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ နွားထိုးကြီး PDF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ထို့အပြင် နွားထိုးကြီး PDF ရဲဘော်များမှာ မြို့မစျေးသို့ပါ ဝင်ရောက်လှည့်လည်ခဲ့ကြောင်း မြို့ခံများက ပြောသည်။

“တော်လှန်ရေး ရဲဘော်တွေက ဆောက်လုပ်ရေးရုံးနဲ့ ရဲစခန်းတိုက်ပြီးပြန်သွားတော့ ညနေ၃နာရီလောက်မှာ စခတွေ စည်ပင်သာယာစျေးပတ်ဝန်းကျင်ရောက် ရောက်လာပြီး ပြည်သူတွေ​ဆီက ဖုန်းတွေငွေတွေ တောင်းသွားတယ်။”ဟု ​ဒေသတွင်း PDFများ၏ တိုက်ပွဲသတင်းများပြန်ကြားပေးနေသော နွားထိုးကြီးသတင်းတာဝန်ခံက ပြောသည်။

ထို့နောက် ယမန်နေ့ (ဇန်နဝါရီ ၁ ရက်) နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီတပ်သားများသည် နွားထိုးကြီးမြို့ အမှတ်(၁) ရပ်ကွက်နှင့် စျေးအနီးသို့ လှည့်လည်ပစ်ခတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် စျေးအတွင်းဝင်ရောက်၍ ပြည်သူအချို့အား ရိုက်နှက်သွားကြောင်း နွားထိုးကြီးမြို့ခံများက ပြောသည်။

နွားထိုးကြီး PDF အဖွဲ့သည် နိုဝင်ဘာ ၁ ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ဝက်လူးနယ်မြေရဲစခန်းအား သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိခဲ့သည်။

(နွားထိုးကြီးရဲစခန်းနှင့် စစ်ကောင်စီ တပ်စွဲရာ ဆောက်လုပ်ရေးရုံးအား NPDFအဖွဲ့ဝင်ရဲဘော်များ သွားရောက်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-File Photo)


Comments

Leave a Reply

Your email address will not be published. Required fields are marked *