မြင်းခြံမြို့နယ်အတွင်းရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော ကျေးရွာ ၃ ရွာကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၇ ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ကျေးရွာ ၃ ရွာကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၇ ဦးသေဆုံးခဲ့ကြောင်း သွေးသောက်တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ​ပြောဆိုသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် မြင်းခြံမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ် အထိုင်ချထားသော ပျူစောထီး အများစု နေထိုင်သည့် ညောင်တိုရွာရှိ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီး ပူးပေါင်း အထိုင်စခန်းကို သွေးသောက် တော်လှန်ရေးအင်အားစု နှင့် မဟာမိတ်တပ်ရင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့တိုက်ပွဲသည် ၁ နာရီ နီးပါး ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ပျူစောထီး ၁၂ ဦးခန့် သေဆုံးကာ ကျန်ရှိနေသော အကြမ်းဖက် စစ်သားများနှင့်ပျူစောထီးများသည် ဒဏ်ရာများစွာဖြင့် ဘန်ကာများနှင့် အထိုင်စခန်းကို စွန့်ခွာထွက်ပြေး သွားသောကြောင့် ညောင်တိုရွာကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း ဝင်ရောက် နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာ စစ်ပစ္စည်း အသုံးအဆောင်အချို့ သိမ်းဆည်းရရှိခဲ့ပြီး ဘန်ကာများကို ပြန်လည် အသုံးပြု၍ မရအောင်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဆုတ်ခွာ ထွက်ပြေးသွားသည့် လမ်းပေါ်ရှိ ညောင်တိုရွာနှင့် ကပ်လျက်ရှိသော ဆင်ချောင်းကျေးရွာကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ဆက်လက်ပြုလုပ်ခဲ့ပြီး ကျေးရွာအတွင်းရှိ ဘန်ကာများကိုလည်း ဖြိုချဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ကျေးရွာအတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်နေစဥ် ထွက်ပြေးသွားသော စစ်သားများနှင့်ပျူစောထီးများသည် တလုတ်မြို့ရှိ စစ်သားများ၊ အနိမ့်ရွာရှိ စစ်သားများ၊ ပျူစောထီးများနှင့် ပူးပေါင်းကာ အများအပြား ပြန်လည် စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများသည် ညောင်တိုရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ယင်း ညောင်တိုရွာကို စီးနင်းတိုက်ခိုက်သည်နှင့်တပြိုင်တည်း မြင်းခြံ – ဆီမီးခုံ ကားလမ်းပေါ်ရှိ ကျားတိုင်းရွာရှိ အကြမ်းဖက် စစ်သားများ အထိုင်ချထားသည့်စခန်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း ပစ်ခတ် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူများ လည်းရှိကြောင်း သိရှိရသည်။

အလားတူ မြင်းခြံ – ဆီမီးခုံ ကားလမ်းပေါ်ရှိ တောပုရွာရှိ အကြမ်းဖက် စစ်သားများ အထိုင်ချထားသည့် စခန်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၇ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးခဲ့ပြီး အကြမ်းဖက် စစ်သားများက လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် သွေးသောက် တော်လှန်ရေးအင်အားစု အနေဖြင့် မဟာမိတ်များ နှင့်အတူ လက်တွဲ ညီညီဖြင့် စစ်ရေး လှုပ်ရှားမှုများ အရှိန်အဟုန်မြင့် လုပ်ဆောင်လျက်ရှိပြီး ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်သားများ နှင့်ပျူစောထီး များ အထိုင်ချထားသော နေရာများကို ရှောင်ရှား သွားလာပြီး မလိုလားအပ်သော ထိခိုက်မှုများ မဖြစ်ပေါ်စေရန် ပူးပေါင်းပါဝင် ကူညီပေးကြရန် အနူးအညွှတ်မေတ္တာရပ်ခံကြောင်း သွေးသောက်တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို သွေးသောက်တော်လှန်ရေးအင်အားစု ၊ မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၂) တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း ၊ မြင်းခြံမြို့နယ် ပကဖ ၊ ငါန်းဇွန်မြို့နယ် ပကဖ ၊ မြောင်မြို့နယ် ပလဖ ၊ မန္တလေးခရိုင် အမှတ် (၃) တပ်ရင်း ၊ မန္တလေးခရိုင် အမှတ် (၅) တပ်ရင်း ၊ မန္တလေးခရိုင် အမှတ် (၆) တပ်ရင်း ၊ ညောင်ဦးခရိုင် အမှတ် (၁) တပ်ရင်း ၊ စစ်ကိုင်းခရိုင် အမှတ် (၆) တပ်ရင်း၊ တပ်ခွဲ (၃) ၊ BGF (Burmese Guerrilla Force – Myingyan) ၊ MGN 35 ၊ FFGF (Myingyan) ၊ Anyar Fedral Task Force-AFTF ၊ LACR (Myingyan) ၊ 8 Stars (Myingyan) ၊ THAUK ၊ Wolf Brother PDF ၊ MP 9 ၊ MS9 Brother ၊ CDSOM 001 Drone Team ၊ FORCE ၊ UK REVOLUTION ကျေးရွာတပ်ပေါင်းစု – မြောင် နှင့် အခြားမဟာမိတ်များမှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *