ရခိုင်တွင် ပညာရေးဝန်ထမ်းအချို့ လစာ မရကြ

ရခိုင်တွင် မြို့နယ်အလိုက်မှ ပညာရေးဝန်ထမ်းအချို့မှာ ပြီးခဲ့သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွက် သတ်မှတ်နှုန်းထား လစာအား ရရှိခြင်းမရှိကြဟု လစာမရရှိကြသည့် ပညာရေးဝန်ထမ်းများကပြောသည်။

လစာမရရှိကြသည့် ပညာရေးဝန်ထမ်းများမှာ လက်ရှိဒေသတွင်းလမ်းကြောင်းပိတ်ဆို့ခံထားရမှုအခြေနေနှင့် ဒေသတွင်းမတည်ငြိမ်မှုအခြေနေတို့ကြောင့် သက်ဆိုင်ရာ စာသင်ကျောင်းများသို့ မသွားရောက်နိုင်ကြသည့် ဆရာ/ဆရာမများဖြစ်ကြောင်းသိရသည်။

အဆိုပါ ဆရာ/ဆရာမများအတွက် ဒီဇင်ဘာလအတွက်သတ်မှတ် လစာများအား သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးမှ ပေးအပ်ခြင်းမရှိဘဲ ရပ်တန့်ထားသည်ဟု ကျောက်ဖြူမြို့နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးကပြောသည်။

“ပညာရေးမှူးကနေ ကျောင်းသွားမတက်တဲ့ ဆရာတွေကို လစာရပ်ထားတယ်လို့ သိရပါတယ်။ လမ်းတွေပိတ်ထားတဲ့ ဒေသကိုဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းသွားမတက်ကြလို့လစာရပ်တယ်ဆိုတာက ဖြေရှင်းနည်းမဟုတ်ဘူး။ ကျောင်းသွားတက်နိုင်အောင်လည်း ပညာရေးဌာနကဘာမှ မစီစဥ်ပေးခဲ့ဘူးလေ။ အခုလစာရပ်ပြီး ကျောင်းသွားတက်ဖို့ ဖိအားပေးနေတာမျိုးပဲ” ဟုပြောသည်။

အမ်းမြို့နယ်တွင်လည်း လမ်းကြောင်းများပိတ်ဆို့ခံထားရသည့် ဒေသသို့ကျောင်းတက်ရောက်ရန်မရောက်သည့် ဆရာ/ဆရာမများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစ၍ လစာရပ်ထားကြောင်း ပညာရေးအသိုင်းဝန်းမှ သိရသည်။

“လမ်းပိတ်တဲ့ဒေသတွေက ကျောင်းဆရာ၊ ဆရာမတွေကို ဒီလကနေစပြီးလစာရပ်တယ်။ သူတို့ရဲ့လစာတွေကတော့ သက်ဆိုင်ရာ ငွေစာရင်းကိုင်တွေ ဆီမှာပဲလို့သိရတယ်။ အမ်းဖက်မှာတော့ လစာအရပ်ခံထားရတဲ့ စုစုပေါင်း ပညာရေးဝန်ထမ်း ၇၀ ဝန်းကျင်လောက်ရှိတယ်” ဟုပြောသည်။

အဆိုပါမြို့နယ်များအပြင် တစ်ခြားမြို့နယ်အချို့တွင်လည်း ထိုနည်းတူစွာ လစာရပ်ဆိုင်းခံထားရမှုတို့ရှိထားပြီး မြောက်ဦးနှင့် မင်းပြားတို့တွင်မူမည်သူမှ လစာရရှိခြင်းမရှိကြသေးဟုသိရသည်။

မောင်တောမြို့နယ်မှ ပညာရေးဝန်ထမ်းများ လစာရရှိမှုအခြေနေနှင့်ပတ်သက်၍မူ မောင်တောပညာရေးမှူးက “လစာကတော့ ဘဏ်ကထုတ်လို့ရရင် ရကြမယ်လေ။ ကျောင်းမတက်ကြတဲ့သူတွေကိုတော့ ဘယ်အစိုးရက လစာပေးမလည်း” ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း မြို့နယ်အချို့မှ ဌာနဆိုင်ရာဝန်ထမ်းအချို့မှာ နိုဝင်ဘာလအတွင်းကပင် သတ်မှတ်လစာရရှိခြင်း မရှိကြောင်းလည်း သိရသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်တွင် စစ်ကောင်စီမှ ဒေသအလိုက် ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်း အားလုံးကို ပိတ်ဆို့ထားမှုရှိထားပြီး မြို့နယ်အလိုက် ဌာနဆိုင်ရာ အားလုံးနီးပါး၏ လုပ်ငန်းလည်ပတ်မှုများမှာလည်း ရပ်တန့်လျှက်ရှိနေသည်။

အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများမှာ တိုက်ပွဲစဖြစ်ပွားသည့် ပြီးခဲ့သည့် နိုဝင်ဘာလက သတ်မှတ် လစာများအားလည်း ပုံမှန်မဟုတ်သည့်နည်းဖြင့် ရယူခဲ့ကြရပြီး လက်ရှိ ဒီဇင်ဘာလအတွက်လစာကိုမူ လမ်းကြောင်း ပိတ်ဆို့ခံထားရသည့် ဒေသမှ ပညာရေးဝန်ထမ်းများ ရရှိခြင်း မရှိကြဘဲ ရှိနေခြင်းဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *