စစ်ကိုင်းကအဖွဲ့တွေ မန္တလေးမြို့ပေါ်တက်ပြီး စစ်အုပ်စုကို ဖောက်ခွဲ တိုက်ခိုက် (ရုပ်သံ)

စစ်ကိုင်းက တော်လှန်ရေး တပ်တွေ ပူးပေါင်း ဖော်ဆောင်တဲ့ ဝရဇိန် အထူးစစ်ဆင်ရေးအဖြစ် ဇန်နဝါရီ(၁)ရက် မနေ့က မန္တလေးမြို့ပေါ်အထိ တက်ရောက်ကာ စစ်အုပ်စု ရဲစခန်းနဲ့ လှည့်ကင်းကားကို ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ်(၁၅)တပ်ရင်း – Eagle Guerrilla Force က သတင်း ထုတ်ပြန်ပါတယ်။

မန္တလေးမြို့အနှံ့ စစ်အုပ်စုက လုံခြုံရေး တင်းကြပ်ထားတဲ့ကြားက ဇန်နဝါရီ(၁)ရက် မနက်အစောပိုင်း မန္တလေးမြို့ (၃၅)လမ်းနဲ့ မြို့ပတ်လမ်းမှာ ကားနှစ်စီးနဲ့လှည့်နေတဲ့ စစ်အုပ်စုကို မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ကာ နေ့လည်(၂)နာရီမှာလည်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ (၆၂)လမ်းပေါ်က ပြည်ကြီးတံခွန် အဆင့်မြင့် ရဲစခန်းမှာ စစ်အုပ်စု အကောင်ကြီးတွေ အစည်းအဝေး လုပ်နေတယ်ဆိုတဲ့ သတင်းအရ နာရီဝက်အတွင်း မိုင်းတစ်လုံး၊ လက်ပစ်ဗုံးတစ်လုံးနဲ့ သွားရောက် ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုတွေအတွင်း စစ်အုပ်စု အသေအပျောက် အခြေအနေ မသိရသေဘူးလို့ ရွှေဘိုခရိုင် အမှတ်(၁၅)တပ်ရင်း – Eagle Guerrilla Force တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

“ဝရဇိန်” စစ်ဆင်ရေးသည် မိမိတို့အနေဖြင့် ပြည်သူများကို နှစ်ကူးလက်ဆောင် အပြင် စစ်ကိုင်တိုင်း အခြေစိုက် တပ်များဖြစ်သည့်တိုင် မန္တလေးမြို့ကဲ့သို စကစတပ်များ အခိုင်အမာ တပ်စွဲထားသည့် မြို့ကို အချိန်မရွေး၊ နေရာမရွေး စစ်ဆင်ရေး ပြုလုပ်နိုင်ကြောင်း၊ အရေးပါသော စစ်ရေးပစ်မှတ်များကို စစ်ရေးဖြင့် တုန့်ပြန်နိုင်ကြောင်း အသိပေး လိုခြင်းဖြစ်သည်။ စကစတပ်သားများနှင့် NonCDM များ အနေဖြင့် သက်ဆိုင်ရာ ဌာနများကို အမြန်ဆုံး စွန့်ခွာကြရန်၊ အလင်းဝင်ကြရန် မိမိတို့အနေဖြင့် အထူးသတိပေးလိုသည်” လို့ ဝရဇိန်စစ်ဆင်ရေးက ဖော်ပြပါတယ်။

“ဝရဇိန်” အထူးစစ်ဆင်ရေးကို ရွှေဘိုခရိုင် အမှတ်(၁၅)တပ်ရင်း – Eagle Guerrilla Force (ဗိုလ်ကောက်ရိုး)၊ Civil MEDIA-SRPST(SawJohn)နဲ့ Northern Tigers Group (ခင်ဦး) တို့ ပူးပေါင်း ဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

“ခုချိန်မှာ အခွင့်အရေးရှိတုန်း အလင်းဝင်ကြဖို့၊ Non တွေလည်း CDM ဝင်ကြဖို့ ပြောချင်တယ်။ အခွင့်ရေး နှစ်ခါ မရပါဘူး ကျွန်တော်တို့နဲ့ ထိပ်တိုက်တွေ့မှ သနားပါ၊ ညှာတာပါဆိုတာတွေ လာမလုပ်နဲ့။ ခွင့်မပြုနိုင်ပါဘူး။ ဘာလို့လဲဆိုရင် အသက်ပေးသွားတဲ့ ပြည်သူ၊ ရဟန်း၊ ကျောင်းသားတွေ၊ မီးရှို့ခံထားရတဲ့ ပြည်သူတွေ၊ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးတွေဘက်နေ ခံစားကြည့်ပေးပါ၊ ခွင့်လွှတ်ပေးနိုင်စရာကို မရှိပါဘူး။ အဲဒါကြောင့် အခွင့်အရေးရတုန်း အလင်းဝင်ကြပါ၊ CDM လုပ်ကြပါလို့ ပြောချင်တယ်” လို့ ရွှေဘိုခရိုင် အမှတ်(၁၅)တပ်ရင်း – Eagle Guerrilla Force တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

မန္တလေးမြို့ပေါ်က စစ်အုပ်စုကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးနှစ်ခုအပြီး တော်လှန်ရေး ရဲဘော်တွေ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းနဲ့ စစ်ဆင်ရေး လုပ်ဆောင်နိုင်ဖို့ Sharing Is Caring က လိုအပ်တာတွေ ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီ ဖောက်ခွဲတိုက်ခိုက်မှု နှစ်ခုနဲ့ ပတ်သက်ပြီး စစ်အုပ်စုကတော့ တစုံတရာ သတင်းဖြန့်တာ မရှိသေးပါဘူး။


Comments

Leave a Reply

Your email address will not be published. Required fields are marked *