စစ်ကောင်စီတပ်သား တစ်ဦးမျှမကျန်အောင် တိုက်ခိုက်မည်ဟု ညီနောင်အဖွဲ့ဆို

မြန်မာပြည်သူလူထုများကို နှစ်ရှည်လများ ဒုက္ခပေး၊ ဗိုလ်ကျ၊ အနိုင်ကျင့်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မိမိတို့နယ်မြေများတွင် တစ်ဦးမျှမရှိအောင် ၁၀၂၇ စစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲလျက်ရှိကြောင်း ညီနောင်မဟာမိတ်အဖွဲ့၏ ဇန်နဝါရီ ၂ ရက် ညဉ့်နက်ပိုင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယမန်နေ့က ၁၀၂၇ စစ်ဆင်ရေးအစိတ်အပိုင်းအဖြစ် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် တအာင်းတပ်မ‌‌‌တော် (TNLA)နှင့် မန္တလေး PDF တို့ပါဝင်သော ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့်လည်း ထိတွေ့ တိုက်ပွဲအချို့ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီသည် သာလွန်လက်နက်အင်အားဖြင့် ညီနောင်မဟာမိတ်သုံးဖော်ကို ခုခံတိုက်ခိုက်သည့်အပြင် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များကိုပါ တိုက်ခိုက်လျက်ရှိရာ ရှမ်းမြောက်၊ ကိုးကန့်ဒေသ၊ မူပန်(သိန္ဒီ)ခရိုင်အတွင်းရှိ အရပ်သားများရှိရာ ကျေးရွာများကို တိုက်ခိုက်ခဲ့သည့်အတွက် လူနေအိမ်များပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသဖြင့် အသက်(၁၂)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဦးအပါအဝင် ဒေသခံသုံးဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ညီနောင်အဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် နောင်ချို့နှင့် လာရှိုးမြို့နယ်များရှိ ကျေးရွာများကိုလည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် အကြိမ် ၂၀ ထက်မနည်းပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံးအသုံးပြုတိုက်ခိုက်ခဲ့ခြင်းများရှိခဲ့သည်ဟု ဆိုသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် ၁၀၂၇ စစ်ဆင်ရေး၏ ကြိုတင်ထုတ်ပြန်ထားသော ရည်မှန်းချက်များကို တစ်ဆင့်ပြီးတစ်ဆင့် မရပ်မနားအကောင်အထည်ဖော်ဆောင်လျက်ရှိကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အတွင်း ပြောဆိုထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *