ထောတထူ(ထန်းတပင်)မြို့က ကာလရှည်ရိက္ခာဖြတ်ခံရသည့် စစ်ကောင်စီစခန်းနှစ်ခုမှ တပ်သားများစခန်းစွန့်ခွာ ထွက်ပြေး၊ ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိ

ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်မှုနယ်မြေ၊ တပ်မဟာ(၂)တောင်ငူခရိုင်အတွင်း ကာလရှည် ရိက္ခာလမ်းကြောင်းဖြတ်ခံရသည့် စစ်စခန်းနှစ်ခုမှ တပ်သားများ စခန်းစွန့်ခွာထွက်ပြေးခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

ထောတထူ(ထန်းတပင်)မြို့နယ်၊ မိုနေပွာကျေးရွာရှိ ဖလေးဆာလိုကျေးရွာပိုင် သင်္ချိုင်းမြေအတွင်း တပ်စွဲထားသော စကခ(၂၀)လက်အောက်ခံ ခမရ-၅၈၁ စခန်းနှင့် ကလောမီဒဲကျေးရွာအတွင်း ခမရ-၅၈၁ စခန်းမှ ထပ်မံတပ်စွဲထားသောစခန်းတို့မှ စစ်ကောင်စီတပ်သားများသည် ဒီဇင်ဘာ(၃၁)ရက်နှင့် ဇန်နဝါရီ ၂ ရက်နေ့တို့တွင် အသီးသီး စွန့်ခွာခဲ့ခြင်းဖြစ်သည်ဟု KNU က ဆိုသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)မှ ဖလေးဆာလိုတပ်စခန်းကို လွန်ခဲ့သည့် ၆ လခန့် ဇူလိုင်လအတွင်းနှင့် ကလောမီဒဲ တပ်စခန်းကို လွန်ခဲ့သည့် ၃ လခန့် အောက်တိုဘာလအတွင်းမှစတင်ကာ ရိက္ခာ လမ်းကြောင်းဖြတ်တောက်ခဲ့ခြင်းကြောင့် စခန်းတွင်းရှိ စစ်ကောင်စီတပ်သားများ စားနပ်ရိက္ခာပိုင်းဆိုင်ရာ ဒုက္ခများစွာကြုံတွေ့ပြီးနောက် စွန့်ခွာထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု KNU ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြသည်။

အဆိုပါစခန်းများကို စွန့်ခွာထွက်ပြေးသည်ဟု သတင်းရရချင်းပင် စခန်းများအတွင်းသို့ KNLA တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှင်းလင်းခဲ့ရာ ဖလေးဆာလိုစခန်းတွင်းမှ ရှေ့ထွက်မိုင်း ၁၀ လုံး၊ ၆၀ မမ ၃၈ လုံး၊ RPG 7 ကျည်တောင့် ၂၃ တောင့်နှင့်အတူ ပို့ယမ်းများ၊ နင်းမိုင်းနှင့် ပဒေသာမိုင်း အများအပြားသိမ်းဆည်းရမိခဲ့သည်ကို KNU က ဖော်ထုတ်ပြသသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်သားများ စွန့်ခွာထွက်ပြေးသွားသော စခန်းနှစ်ခုသည် စစ်ကောင်စီ မှ ၁၉၇၅ ခုနှစ်တွင် ပထမဆုံးအကြိမ် စတင်တပ်စွဲခဲ့ပြီး ၁၉၇၉ ခုနှစ်တွင် ပြန်လည်ဆုတ်ခွာခဲ့ပြီးနောက် ဒုတိယအကြိမ်အဖြစ် ၂၀ဝ၆ ခုနှစ်တွင် စစ်ကောင်စီလက်အောက်ခံ တပ်မ (၆၆)မှဦးဆောင်ကာ ပြန်လည်တပ်စွဲနေရာယူခဲ့သော စခန်းများဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *