မုံရွာမြို့နယ်၊ ဆာကျင်းသုဿန် အနီးတွင် စစ်ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဆာကျင်းသုဿန်အနီးတွင် အကြမ်းဖက်စစ်ကောင်စီကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း Goldern Eagle Force – Monywa ထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၂ ရက် ညနေ ၄ နာရီဝန်းကျင်ခန့်က မုံရွာမြို့နယ်၊ ရွာထောင်ရွာ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများက မုံရွာ စက်မှုဇုံအတွင်း ကင်းလှည့်ပြီးအပြန် ဆာကျင်းသုဿန်အနီးအရောက် အသင့်စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဗိုလ်တစ်ဦးနှင့် တပ်သား ၂ ဦးသေဆုံးပြီး ကားမောင်းသူ စစ်ကောင်စီတပ်သား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးသေဆုံးသွားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ဒဏ်ရာရသူများ ကို နာရေးကား ၂ စီးဖြင့် ချက်ချင်းလာရောက်သယ်ဆောင်သွားပြီး တိုက်ပွဲဖြစ်ပွားရာနေရာနှင့် စက်မှု အတွင်းသို့ ကားများဖြင့် ကင်းလှည့်ပတ်မှုများရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Goldern Eagle Force – Monywa ၊ Ka Naung Min Thar Gyi (Monywa) ၊ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့ ၊ မုံရွာခရိုင် တပ်ရင်း ၄ ၊ တပ်ခွဲ ၁ Spring Dove ၊ ၅/ ဘခက် နှင့် မုံရွာ ဘီလူး မြို့ပြပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အိမ်စီးကားနဲ့ ကင်းပတ်ပြန်တဲ့ ရဲအုပ်စု ပစ်ခတ်ခံရလို့ ဒုရဲအုပ် ၁ ဦးနဲ့ တပ်သား ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ စက်မှုဇုန်အတွင်း ကင်းပတ်ပြန်လာတဲ့ ရဲတပ်ဖွဲ့ ၅ ဦးခန့်ပါ Alphart ကားကို ဇန်နဝါရီ ၂ ရက် မနေ့ ညနေ ၄ နာရီဝန်းကျင်ခန့် မှာ စောင့်ဆိုင်းပစ်ခတ်ခဲ့တယ်လို့ Golden Eagle Force- Monywa အဖွဲ့ဆီက သိရပါတယ်။

အဲဒီရဲတပ်ဖွဲ့ဟာ ရွာထောင်ရွာမှာ တပ်စွဲထားတဲ့အဖွဲ့ကဖြစ်ပြီး ပစ်ခတ်ခဲ့ရမှုကြောင့် အမှတ်(၂) ရဲစခန်းက ဒုရဲအုပ် ၁ ဦးနဲ့ တပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Golden Eagle Force- Monywa ခေါင်းဆောင်ဗိုလ်လင်းယုန်က ပြောပါတယ်။

” ကားမောင်းတဲ့သူကတော့ လက်မောင်းထိမှန် ဒဏ်ရာရသွားတယ်လို့ သိရတယ်၊ စက်မှုဇုန်အနီးဝန်းကျင်မှာ အိမ်စီးကားတွေနဲ့ ကင်းပတ်တွေလုပ်နေပြီး သေဆုံးအလောင်းကိုတော့ နာရေးကား ၂ စီးနဲ့ မြို့ထဲကိုသယ်ဆောင်သွားတယ်” လို့ သူကဆက်ပြောပါတယ်။
ပစ်ခတ်ပြီးနောက်ပိုင်း ရွာထောင်ရွာမှာတပ်စွဲထားတဲ့ စစ်သားတွေက အနီးဝန်းကျင်ကို လက်နက်ကြီး ၆၀ မမနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Golden Eagle Force- Monywa၊ Ka Naung Min Tar Kyi-Monywa၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့ ၊ မုံရွာခရိုင်တပ်ရင်း ၁ တပ်ခွဲ ၁ Spring Dove ၊ 5/ဘခက် နဲ့ မုံရွာဘီလူးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်ကလည်း မုံရွာ စီးပွားရေးတက္ကသိုလ်အနီး အထိုင်ချထားတဲ့ စစ်ကောင်စီဂိတ်ကို Golden Eagle Force- Monywa အဖွဲ့က လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

Photo – စစ်ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်နေသော တော်လှန်ရေး ရဲဘော် ၁ ဦး (ပုံအဟောင်းဖြစ်သည်)


Comments

Leave a Reply

Your email address will not be published. Required fields are marked *