စစ်တပ်ဖမ်းဆီးမှုကြောင့် ဗိုလ်တထောင် ၄၄လမ်း တိုက်ပေါ်က လူငယ်များ ခုန်ချခဲ့သည့် ဖြစ်စဉ်တွင် ပုန်းအောင်းနေရာမှ လွတ်မြောက်ခဲ့သူ Rapper FL3XX ကွယ်လွန်

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းရှိ တိုက်ခန်းတစ်ခုကို စစ်ကောင်စီက ဝင်ရောက်စီးနင်းစဉ် ပုန်းအောင်းနေရာမှ အသက်ရှင်လွတ်မြောက်ခဲ့သူ Rapper FL3XX (ခ)ကောင်းမင်းသန့် (ခ) Flex သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်နေ့က ထိုင်းနိုင်ငံတွင် ကျောက်ကပ် ရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း နီးစပ်သူများထံက သိရသည်။

ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်ခဲ့သည့် Rapper FL3XX (ခ)ကောင်းမင်းသန့် (ခ) Flex ကို ယနေ့ ဇန်နဝါရီ ၃ ရက်နေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရှိ သုသာန်တစ်ခုတွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

“စစ်တပ် အာဏာ မသိမ်းခင်ကတည်းက ဟစ်ဟော့သီချင်းတွေ၊ Rap သီချင်းတွေ ကိုရေးစပ် သီဆို လေ့ရှိသူပါ။ စစ်တပ်အာဏာသိမ်းပြီးတော့ စစ်ကောင်စီ အလိုမရှိ ကြောင်းကို ဂီတနဲ့ ဖျော်ဖြေမှုတွေလုပ်တာကနေတဆင့် မြို့ပြ UG မှာ ပါလာခဲ့သူပါ။

ဗိုလ်တစ်ထောင် မြို့နယ်ထဲက တိုက်ခန်းကို စစ်တပ်က ဝင်စီးတုန်းက တိုက်ပေါ်မှာ ပုန်းအောင်နေတာကနေ လွတ်မြောက်လာသူပါ။

လွတ်မြောက်နယ်မြေမှာ တော်လှန်ရေး အတွက် သူတတ်နိုင်တဲ့ဘက်က ကူညီဆောင်ရွက်နေရင်း ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို ရောက်လာ တာပါ။

သူ့ရဲ့ နောက်ဆုံး ချိန်အထိ အာဏာရှင် ကိုရရာနေရာ အခန်းကဏ္ဍကနေ တော်လှန်ခဲ့သူပါ” ဟု သေဆုံးသူ ကိုကောင်းမင်းသန့် နှင့် နီးစပ်သူတစ်ဦးကပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့က ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းရှိ တိုက်ခန်းတစ်ခုကို ဝင်ရောက်စီးနင်းရာတွင် အဆိုပါ တိုက်ခန်းတွင်ရှိနေသည့် လူငယ် ရှစ် ဦးအနက် လူငယ် ငါး ဦးမှာ တိုက်ပေါ်က ခုန်ချခဲ့သည်။

ထို့သိုခုန်ချခဲ့သူများအနက် ကိုဝေဇော်ဖြိုး နှင့် မဝေဝေမြင့်တို့ နှစ်ဦးသေဆုံးခဲ့ပြီး ကျန်သူများမှာ ဖမ်းဆီးခံခဲ့ရသည်။

Rapper FL3XX (ခ)ကောင်းမင်းသန့် (ခ) Flex သည် အဆိုပါ တိုက်ခန်းတွင် ၁၂ နာရီ ကြာ ပုန်းအောင်းနေရာမှ ထွက်ပြေးနိုင်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

လူငယ်တော်လှန်ရေးသမား ရက်ပ်ပါအဆိုတော် ကိုကောင်းမင်းသန့်(ခ) FL3 xx ရဲ့ စျာပနအခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တနေရာမှာ ဇန်နဝါရီ ၃ ရက် ဒီနေ့ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

စစ်ကောင်စီ၏ ဖမ်းဆီးမှုကြားမှ ဘေးလွတ်ရာကို ၂ နှစ်ကျော်ကြာ ထွက်ပြေးလွတ်မြောက်ခဲ့သူ Rapper FL3XX (ခ)ကောင်းမင်းသန့် (ခ) Flex သည် ထိုင်းနိုင်ငံတွင် ကျောက်ကပ်ရောဂါ အတွက် ဆေးကုသနေရင်း ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်နေ့က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ပုံစာ- စစ်ကောင်စီလက်မှ ထွက်ပြေးလွတ်မြောက်ခဲ့သည့် Rapper FL3XX (ခ)ကောင်းမင်းသန့် (ခ) Flex ၏ဈာပန


Comments

Leave a Reply

Your email address will not be published. Required fields are marked *