စစ်အာဏာရှင်ခိုင်းသမျှ နာခံနေခြင်းမပြုဘဲ အချိန်မီ ပြည်သူ့ဘက်ရပ်တည်ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား NUG ကာကွယ်ရေးဝန်ကြီး သတိပေး

တပ်ရင်း၊ တပ်ဖွဲ့လိုက်၊ တပ်မ၊ စကခ၊ ဒကစ အလိုက်နှင့် စစ်တိုင်းဌာနချုပ်အလိုက် ဝန်ကြီးဦးရည်မွန်ထံ တိုက်ရိုက်ဖြစ်စေ၊ NUGနှင့် တော်လှန်ရေးအဖွဲ့များထံဖြစ်စေ အမြန်ဆက်သွယ်ရန် အသိပေး

စစ်အုပ်စုလက်အောက်ခံ တပ်မှူးတပ်သားများနှင့်ရဲတပ်ဖွဲ့ဝင်များအား အထူးအသိပေးနှိုးဆော်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ယနေ့(ဇန်နဝါရီ ၄ရက်)တွင် ပြောကြားခဲ့ရာ စစ်အာဏာရှင် ခိုင်းသမျှနာခံနေခြင်းမပြုဘဲ အချိန်မီပြည်သူ့ဘက်ရပ်တည်ရန် သတိပေးထားသည်။

တပ်မတော်တစ်ခု၏အဓိကတာဝန်သည် နိုင်ငံနှင့် ပြည်သူကို အကာအကွယ်ပေးရန်ဖြစ်ပြီး စစ်အာဏာရှင်ကို အကာအကွယ်ပေးရန် မဟုတ်ဟု ၎င်းက ဆိုသည်။

“ခေတ်အဆက်ဆက် စစ်အာဏာရှင်ကို အကာအကွယ်ပေးရင်း ခင်ဗျားတို့လက်မှာ ပြည်သူ့သွေး အထပ်ထပ် စွန်းခဲ့ပြီဆိုတာ သတိချပ်စေလိုတယ်။ ဒီကနေ့ထိ စစ်အုပ်စုသစ္စာခံ လုပ်နေတဲ့ ခင်ဗျားတို့အားလုံး ပြန်စဥ်းစားသင့်တာက ငါတို့ပါဝင်တဲ့ လက်နက်ကိုင်အဖွဲ့ကော ငါတို့ကိုယ်တိုင်ပါ ဒီကနေ့ဘယ်အခြေအနေ ဆိုက်နေပြီလဲ ဆိုတဲ့အချက်ပဲ။ ခင်ဗျားတို့ ယူနီဖောင်းဝတ်ပြီး လူတောတိုးရဲသလား ရပ်ထဲရွာထဲ သွားရဲသလား မိဘရပ်ထံ ပြန်ရဲသလား” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်၌ စွန်းနေသည့် ပြည်သူ့သွေများမှာ ချေဖျက်လို့ ရရိုးမရှိသကဲ့သို့
စစ်ရာဇဝတ်ဘေး ပြေးလွတ်မည်မဟုတ်ဟု သတိပေးသည်။

လက်ရှိတွင် စစ်အာဏာရှင်၏ နောက်ဆုံးနေ့ရောက်ရှိလာခဲ့ပြီဟု ၎င်းက ပြောသည်။

“ခင်ဗျားတို့ အမြင်မှန်ရဖို့ အချိန်ရောက်နေပြီ။ စစ်အုပ်စုကို သစ္စာခံပြီး စစ်အာဏာရှင်ကို အကာအကွယ်ပေးနေတဲ့အလုပ်ကို ရပ်တန်းက ရပ်ဖို့ အချိန်ရောက်လာပြီ။ ခင်ဗျားတို့လက်မှာ ပြည်သူ့သွေး ထပ်မစွန်းပါစေတော့နဲ့။ စစ်အာဏာရှင် ခိုင်းသမျှ မျက်ကန်းတစ္ဆေမကြောက် နာခံနေခြင်းဟာ ခင်ဗျားတို့ အသက်တွေ ၊ ဘဝတွေ အချည်းနှီး ပျက်စီးမှုနဲ့ပဲ လမ်းဆုံးလိမ့်မယ်ဆိုတာ သတိချပ်စေလိုတယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

ထို့ကြောင့် အချိန်မီ ပြည်သူဘက်က ရပ်တည်ရန် ဝန်ကြီးက ပြောသည်။

“ပြည်သူ့အစိုးရနဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေကို နာခံပါ။ အချိန်မနှောင်းခင် ခင်ဗျားတို့ ရပ်တည်ချက်ကို ပြောင်းလဲပါလို့ တိုက်တွန်းလိုတယ်”ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။

ယခုရက်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဖမ်းဆီးရမိသည့် ဒုဗိုလ်မှူးကြီးသက်အောင်အပါအဝင် စစ်သုံ့ပန်းများသည်PDF တပ်ဖွဲ့ထံ ရောက်စဉ် ၎င်းတို့ အသက်အန္တရယ်ကင်းပြီဟု စိတ်ဒုံးဒုံးချပြီး စိတ်လက်ပေါ့ပါးသွားကြသည်ကို သတိပြုမိ
ကြောင်း ပြောပြသည်။

“ကျွန်တော်တို့က စနစ်ကို တိုက်နေတာပဲ ဖြစ်တယ်၊လူကို တိုက်နေတာမဟုတ်ဘူး။ခင်ဗျားတို့ အသက်တွေ ဘဝတွေ အချည်းနှီး မဆုံးရှုံးစေလိုသလို ကျွန်တော်တို့ တော်လှန်ရေးရဲဘော်တွေ ကျွန်တော်တို့ပြည်သူတွေရဲ့ အသက်တွေ ဘဝတွေလည်း အကျိုးမဲ့ မဆုံးရှုံးစေလိုဘူး။ စစ်မြေပြင်ရောက်မှ ခင်ဗျားတို့ကို သုံ့ပန်းအဖြစ် ကျွန်တော်တို့ မဖမ်းလိုဘူး။ ခင်ဗျားတို့ အသက်သာမက ခင်ဗျားတို့ ဘဝ၊ ခင်ဗျားတို့ ဂုဏ်သိက္ခာကိုလည်း ဒီထက်ပိုပြီး အသိအမှတ်ပြု လေးစားလိုတယ်”ဟု ဝန်ကြီးက ပြောသည်။

ထို့ကြောင့် တပ်ရင်း၊တပ်ဖွဲ့လိုက်ဖြစ်စေ၊ တပ်မ၊စကခ၊ဒကစ အလိုက်ဖြစ်စေ၊ စစ်တိုင်းဌာနချုပ်အလိုက် ဖြစ်စေ ပြည်သူ့အစိုးရNUGနှင့် တော်လှန်ရေးအဖွဲ့အစည်းများထံ အမြန်ဆုံး ဆက်သွယ်ရန် အသိပေးသည်။

“ကျွန်တော့်ကိုလည်း တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်” ဝန်ကြီး ဦးရည်မွန်က ပြောသည်။

စစ်တပ်ကိုယ်တိုင် စစ်အာဏာရှင်များ၏ စစ်ကျွန်ပြု အသုံးချခံနေရခြင်းဖြစ်ကြောင်းလည်းပြောပြသည်။

“တိုင်းချစ်ပြည်ချစ်စိတ်အမှန်ရှိရင် ကိုယ်လျှောက်ရမယ့်လမ်းကို အသိဥာဏ်ရှိရှိ သတ္တိရှိရှိ ကိုယ်တိုင်ရွေးချယ်ကြဖို့ တိုက်တွန်းလိုတယ်။ ဒီကနေ့ ပြည်သူ့တော်လှန်ရေးက ခေတ်သစ်စနစ်သစ် ပြောင်းလဲရေးကို ဦးတည်တယ်။ တိုင်းသစ်ပြည်သစ် ထူထောင်ရေးကို ဦးတည်တယ်။ ပြည်သူကို လေးစားပြီး ခေတ်စနစ်ပြောင်းလဲရေးကို လက်ခံတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူက လက်ကမ်းကြိုဆိုနေလိမ့်မယ်။ ခင်ဗျားတို့ ကိုယ်တိုင် သမိုင်းသစ်ရေးသူတွေထဲ အပါအဝင် ဖြစ်လာလိမ့်မယ်” ဟု ကာကွယ်ရေး ဝန်ကြီးက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အမြင်မှန်ရပါက အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ ဝင်များအတွက် အနာဂတ်ရှိမည်ဟု အသိပေးခဲ့သည်။

(သံဘိုရွာတိုက်ပွဲမှ စစ်သုံ့ပန်း ဗိုလ်မှူးကြီးသက်​အောင်၊ သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေနဲ့ မန္တ​လေး PDF တပ်ဖွဲ့ဝင်အချို့ အားတွေ့ရစဉ်။ဓာတ်ပုံ-MDY-PDF)


Comments

Leave a Reply

Your email address will not be published. Required fields are marked *