တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရေချမ်းအိုးရပ်ကွက်ရှိ မြေဧက ၂၀၀ ကျော်ကို တပ်ပိုင်မြေအဖြစ် တရားမဝင် သိမ်းရန် စစ်တပ်က လျှို့ဝှက်အဖွဲ့ ဖွဲ့စည်း ကြိုးပမ်း

ပြင်ဦးလွင်၊ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရေချမ်းအိုးရပ်ကွက်ရှိ မြေဧက ၂၀၀ ကျော်ကို တပ်ပိုင်မြေအဖြစ် တရားမဝင် သိမ်းရန် စစ်တပ်က လျှို့ဝှက်အဖွဲ့ ဖွဲ့စည်း ကြိုးပမ်း၊ လူဦးရေ ၃၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ရမည့် အခြေအနေရောက်နေ

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရပ်ကွက်ကြီး ၁၂ ရေချမ်းအိုးရပ်ကွက်အတွင်း မြေဧက ၂၀၀ ဒသမ ၁၄ ပေါ်ရှိ အိမ် ထောင်စု‎ပေါင်း ၁၀၀၀ ခန့်နေထိုင်သည့် မြေနေရာကို တပ်ပိုင်မြေဟု နာမည်တပ်ကာ အကြမ်းဖက်စစ်တပ်က သိမ်းယူရန်ကြိုးပမ်းနေကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရှိရသည်။

လက်ရှိအချိန်တွင် အဆိုပါ မြေနေရာတွင် အိမ်ထောင်စုပေါင်း ၁၀၀၀ ခန့် လူဦး ရေ ၃၀၀၀၀ ဝန်းကျင်နေထိုင်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရပ်ကွက်ကို ၂၀၀၀ ပြည့်နှစ်ကတည်းက တပ်မတော်အလုပ်ရုံတည် ဆောက်မည်ဟုဆိုကာ လျာထားမြေနေရာ သတ်မှတ်ခဲ့ပြီး မြေယာပိုင်ရှင် တောင်သူများနှင့် ညှိုနှိုင်းခဲ့ဖူးကြောင်း၊ စစ်တပ်၏ အလုပ်ရုံစီမံကိန်းအတွက် မြေပိုင်ရှင် တောင်သူအများစုက လက်မှတ်မထိုးခဲ့ကြ၍ စီမံကိန်းရပ်ဆိုင်းခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် တောင်သူများမှ အလုပ်ရုံလျာထားမြေနေရာသာ ဖြစ်ပြီး တပ်ပိုင်မြေ မဟုတ်ကြောင်း အဆင့်ဆင့် စာတင်ခဲ့သဖြင့် တပ်မြေမဟုတ်ပေါ်လွင်ခဲ့သော်လည်း ယခု စစ်အာဏာသိမ်းချိန်တွင် မြေကွက်များကို ပြန်လည် သိမ်းယူရန် ကြိုးစားလာခြင်းဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူများက ပြောကြားသည်။

“အိမ်ခြေက ၁၀၀၀ ၊ လူဦးရေက ၃ သောင်းလောက်တော့ရှိတယ်။ အဓိက ဖြစ်တဲ့ ပြဿနာက စစ်တပ်ရဲ့ရှေ့မှာ အိမ်ခြေ ၁၀၀၀ လောက်ဆိုတော့လည်း သူတို့က ဖျက်ခိုင်းတာတော့ မဟုတ်ဘူး စစ်တပ်လုံခြုံရေးအတွက်ဆိုပြီး သိမ်းချင်တာ။ အဲဒီအတွက် ဗုံးတွေ ခွဲတယ်။ အဲဒါ သူတို့က သိမ်းဖို့လုပ်နေတာ။ အစကတည်းက တပ်ပိုင်မြေမဟုတ်ဘူး ဆိုတာ တင်ပေးထားတယ်။ သူတို့ကလည်း သိတယ်။ အဲဒါကို သိမ်းဖို့ လုပ်နေတာ။ လျှို့ဝှက်စာထွက်တာ ဇန်နဝါရီ ၁ ရက်နေ့က။ ဖျက်ဖို့ ကားတွေ အသင့်ရောက်နေပြီတဲ့”ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောဆိုသည်။

အဆိုပါ မြေနေရာကို တပ်ပိုင်မြေဟူ၍ သမုတ်၍ သိမ်းဆည်းရန် ညွှန်ကြားသည့် လျှို့ဝှက်စာတွင် ဒုတိယဗိုလ်မှူးကြီး သိန်းနိုင်ထွန်း၊ ဗိုလ်မှူး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး သိန်းသန်းဇော် တို့ကို တရားမဝင်မြေသိမ်းရန်အတွက် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်၊ အတွင်းရေးမှူးများအဖြစ် ဖွဲ့စည်း တာဝန်ပေးအပ်ထားကြောင်း ရန်ကွက်နေ ပြည်သူများထံမှ သိရှိရသည်။

“နေရာက အချက်အလက်တကယ်ကျတာ ဆိုတော့ သူတို့က လိုချင်နေတာ ။ စစ်တပ်ကို အကြောင်းပြပြီးစစ်တပ် ကာကွယ်ရေး၊ စ်တပ်လုံခြုံရေးဆိုပြီး သိမ်းမှာ”ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောကြားသည်။

ထိုသို့ ပြည်သူပိုင်မြေကို တပ်ပိုင်မြေဟု နာမည်တပ်၍ ပြည်သူများကို တရားမဝင်ကျူးကျော်နေထိုင်သူများဟု ပြောဆို ရွှေ့ပြောင်းခိုင်းခြင်း၊ စစ်တပ်က မြေ မတရားသိမ်းဆည်းရန် လုပ်ဆောင်နေခြင်းများအပေါ် ရပ်ကွက်နေပြည်သူများမှ စိုးရိမ်ပူပန်နေကြကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *