လောက်ကိုင်အရေး သေရေးရှင်ရေးဖြစ်နေချိန် စစ်ဗိုလ်ချုပ်များ ပွဲလမ်းမပြတ်ဖြစ်နေ

စစ်ခေါင်းဆောင်အာဏာတည်မြဲရေးအတွက် လောက်ကိုင်မှ စစ်ဗိုလ်စစ်သားများ အသက်ဘေးလုနေရချိန် နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်ကြီးများက ကတ္တီပါမြက်ခင်းပြင်ထက် ရောင်စုံမီးအလှများ၊ သာယာငြိမ့်ညောင်းသည့် တေးသီချင်းများကို နားထောင်ရင်း စားပွဲသောက်ပွဲဖြင့် အချိန်ကုန်လွန်လျက်ရှိသည်။

လွတ်လပ်ရေးနေ့ အခါသမယဖြစ်သော်လည်း ရန်သူဝိုင်းခံထားရသည့် ကိုးကန့်နယ်မှ စစ်ကောင်စီ၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ – လောက်ကိုင်) ၌ လွန်ခဲ့သည့်နှစ်များကဲ့သို့ အခမ်းအနားဖြင့် ဝတ်စုံပြည့် ချီတက်ပွဲ မလုပ်နိုင်တော့ပေ။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေအမိန့်ဖြင့် ၁၉၉၉ ခုနှစ်ကတည်းက တည်ထောင်ခဲ့သော ဒကစ – လောက်ကိုင်အတွက် ၂၅ နှစ်တာကာလအတွင်း အခက်ခဲဆုံးနေ့ရက်ဖြစ်သည်။ လွတ်လပ်ရေးနေ့အောင်ပွဲအစား အချိန်မရွေးရောက်လာမည့် ရန်သူ့ကျည်ဆန်ကို စောင့်ကြည့်နေရသည်။

နယ်စပ်ဒေသ၌ အကြီးမားဆုံးစစ်ဌာနချုပ်တစ်ခုဖြစ်သော ဒကစ – လောက်ကိုင်ကို ကိုးကန့်တပ် (MNDAA) နှင့် မဟာမိတ်များက အရပ်ရှစ်မျက်နှာမှ ဝိုင်းထားသည်။ စစ်ကောင်စီဘက်တော်သားများအအတွက် ကောင်းကင်မှ ကျလာမည့် ဒရုန်းဗုံးရန်လည်း ရှိနေသည်။

ရန်သူပတ်လည်ဝိုင်းခံထားရသဖြင့် ရှေ့တန်းရောက် စစ်ဗိုလ်စစ်သားများ အသက်ဘေးလုနေရချိန် နေပြည်တော်မှ ဗိုလ်ချုပ်ကြီးများမှာမူ သာယာငြိမ့်ညောင်းသည့် တေးသီချင်းများကို နားထောင်ရင်း စားပွဲသောက်ပွဲကြီးများဖြင့် အချိန်ကုန်လွန်လျက်ရှိသည်။ လွတ်လပ်ရေးနေ့ မတိုင်မီကတည်းက အကြိုပွဲလမ်းသဘင်များဖြင့် မအားမလပ်နိုင်ဖြစ်နေသော ဗိုလ်ချုပ်ကြီးများမှာ လွတ်လပ်ရေးနေ့ လွန်မြောက်ချိန်တွင် ဆုပေးပွဲများ၊ ညစာစားပွဲများဖြင့် အလုပ်များနေကြသည်။

“အသားကိုသာ အနာခံမည်၊ အမိမြေကို တစ်လက်မအပါမခံ” ကြွေးကြော်ဖူးသည့် စစ်ဗိုလ်ချုပ်ကြီးများက လွတ်လပ်ရေးနေ့ဖြစ်သည့်တိုင် နယ်မြေလက်လွတ်ဆုံးရှုံးသည့်အပေါ် မသိကျိုးကျွန်ပြုနေကြသည်။

လောက်ကိုင်ကျသည့် လွတ်လပ်ရေးနေ့

အောက်တိုဘာလနှောင်းပိုင်းက စတင်ခဲ့သော ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့၏ “၁၀၂၇” စစ်ဆင်ရေးအတွင်း စစ်ကောင်စီအနေဖြင့် နယ်မြေဒေသနှင့် စစ်စခန်းများအပြင် လက်နက်ခဲယမ်းမြောက်မြားစွာ လက်လွတ်ဆုံးရှုံးခဲ့သည်။

ကိုးကန့်ဒေသတစ်ခုလုံးတွင် တစ်ခုတည်းသာ ကျန်ရှိတော့သော တရုတ်-မြန်မာနယ်စပ်မှ လောက်ကိုင်မြို့သည်လည်း လွတ်လပ်ရေးနေ့ဖြစ်သော ယမန်နေ့ (ဇန်နဝါရီ ၄) တွင် ကိုးကန့်တပ် (MNDAA) နှင့် မဟာမိတ်များလက် အပြီးအပိုင်ရောက်ရှိသွားပြီဖြစ်သည်။

ကိုးကန့်ဒေသမြို့တော် လောက်ကိုင်ကို ၁၅ ရက်တာမျှ ခုခံကာကွယ်နေခဲ့သည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-လောက်ကိုင်) ရှိ စစ်ကောင်စီတပ်ဖွဲ့များ လက်နက်ချအညံ့ခံလိုက်သဖြင့် တရုတ်-မြန်မာ နယ်စပ်၌ အစည်ကားဆုံးသော ကောက်ကိုင်တစ်မြို့လုံးကို MNDAA က သိမ်းပိုက်လိုက်ပြီဖြစ်သည်။

ရှမ်းမြောက်ဒေသတစ်ခွင်၌ MNDAA နှင့် မဟာမိတ်များက အချက်အချာကျမြို့များ၊ စစ်ကောင်စီလက်အောက်ခံ ဗျူဟာအဆင့်စခန်းကြီးများနှင့် စခန်းငယ်ပေါင်းများစွာကို ဆက်တိုက်သိမ်းယူနိုင်ပြီးနောက် လောက်ကိုင်မြို့ကို အပြီးသတ်ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော စစ်ကောင်စီနှင့် MNDAA ပူးပေါင်းအဖွဲ့တို့အကြား လောက်ကိုင်မြို့တွင်းတိုက်ပွဲမှာ လွတ်လပ်ရေးနေ့တွင် အဆုံးသတ်ခဲ့သည်။

အပေးအယူအနေဖြင့် လက်နက်ချသူများကို အသက်ရှင်ခွင့်ပေးရန်နှင့် မိသားစုများနှင့်အတူ လားရှိုးမြို့သို့ ပို့ဆောင်ပေးရမည်ဆိုသည့် သဘောတူညီချက်ကို စစ်ကောင်စီတပ်များက တောင်းဆိုခဲ့သည်ဟု လောက်ကိုင်မြို့တွင် နေထိုင်ခဲ့ဖူးသည့် အမျိုးသားတစ်ဦးက ပြောသည်။

“ကြိုညှိပြီးမှ လက်နက်ချလိုက်တာတဲ့၊ ညနေကတော့ ဒကစထဲကို (MNDAA တပ်များ) ဝင်သွားကြပြီ၊ လားရှိုးပို့ပေးမယ်လည်း ကြားတယ်၊ ကျိုင်းတုံပို့ပေးမယ်လည်း ကြားတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

လောက်ကိုင် ဒကစမှူးအပါအဝင် စစ်ကောင်စီတပ်များနှင့် မိသားစုဝင်များကို ဇန်နဝါရီ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် နယ်စပ်မှတ်တိုင် ၁၂၅ မှတစ်ဆင့် ကုန်တင်ကားများနှင့် ဒကစအတွင်းသို့ သွားရောက် ခေါ်ယူခဲ့သည်ဟု သိရသည်။

နေပြည်တော်မှ ဗိုလ်ချုပ်ကြီးများအတွက်မူ လောက်ကိုင်ကို ဆုံးရှုံးသည့်အပြင် တစ်ပူပေါ်နှစ်ပူဆင့်နေသည့်အရေးလည်း ရှိနေသည်။

လွတ်လပ်ရေးနေ့မတိုင်မီက လောက်ကိုင်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် တရုတ်နိုင်ငံဘက်ခြမ်း ကျရောက်ပေါက်ကွဲသဖြင့် ဒေါသူပုန်ထနေသည့် တရုတ်အစိုးရကို ရင်ဆိုင်ရမည်ဖြစ်သည်။ နယ်မြေချင်း ထိစပ်နေသော ယူနန်ပြည်နယ် ကျိန်းခမ်းခရိုင် နမ်ဆန်းမြို့အတွင်း အမြောက်ဆန် ကျရောက်ပေါက်ကွဲသဖြင့် တရုတ်နိုင်ငံသား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသည်။

ထိုဖြစ်ရပ်အပေါ် အပြင်းအထန်ကန့်ကွက်ကြောင်းနှင့် လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဟု တရုတ်အစိုးရတာဝန်ရှိသူက ယမန်နေ့တွင် ထုတ်ဖော်ပြောဆိုသည်။

လွန်ခဲ့သည့် ကိုးနှစ်က ကိုးကန့်ဒေသ၌ တိုက်ပွဲဖြစ်စဉ် တရုတ်နိုင်ငံဘက်ခြမ်းကို ဗုံးကြဲမိကာ တရုတ်နိုင်ငံသားငါးဦး သေဆုံးခဲ့ရသဖြင့် နေပြည်တော်မှ စစ်ဗိုလ်ချုပ်ကြီးများ အသည်းအသန်တောင်းပန်ခဲ့ရပြီး လျော်ကြေးငွေလည်း ပေးခဲ့ရသည်။

မင်းခမ်းမင်းနားဖြင့် ပွဲခံနေသည့် ဗိုလ်ချုပ်ကြီးများ

လောက်ကိုင်နှင့်အတူ ကိုးကန့်ဒေသတစ်ခုလုံးကို လက်လွတ်ဆုံးရှုံးလိုက်ချိန် နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်ကြီးများအတွက် နေ့ည ပွဲလမ်းသဘင်မပြတ်ဖြစ်နေသည်။

ယမန်နေ့အစောပိုင်းတွင် နေပြည်တော်၌ နံနက် ၄ နာရီမှ ၇ နာရီကျော်အထိ လွတ်လပ်ရေးအလံတင်အခမ်းအနားကျင်းပရာ ဒုအာဏာသိမ်းခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်တက်ရောက်ပြီး စစ်ဆောင်းဆောင်ကိုယ်စား လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားသည်။

ရှည်လျားထွေပြားသည့် ထိုလွတ်လပ်ရေးနေ့သဝဏ်လွှာတွင် လောက်ကိုင်နှင့် အခြားသော နိုင်ငံတစ်ဝန်းမှ လတ်တလောအခြေအနေများအကြောင်း တစ်လုံးတစ်ပါဒမျှ မပါဝင်ဘဲ အပ်ကြောင်းထပ်နေပြီဖြစ်သော နယ်ချဲ့ဗြိတိသျှတို့အကြောင်း အကျယ်တဝင့်ထည့်ပြောလေသည်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်သည်လည်း ယမန်နေ့ တစ်နေ့လုံး ဘွဲ့ထူးဂုဏ်ထူးပေးပွဲများနှင့် ပွဲခံနေသည်ကို တွေ့ရသည်။

တော်လှန်ရေးအဖွဲ့များ၏ လက်ချက်ဖြင့် အသက်ဆုံးခဲ့ရသည့် သတင်းပေးဒလန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှသည် ဝန်ကြီးများ၊ စစ်ဗိုလ်ချုပ်များနှင့် ပုလင်းတူဘူးဆို့ သူဌေးကြီးများအထိ အမျိုးမျိုးသော ဂုဏ်ထူးဘွဲ့ထူးများပေးအပ်ကြောင်း နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ဝေဝေဆာဆာထုတ်ပြန်သည့်အပြင် တိုင်းစစ်ဌာနချုပ်အသီးသီးတွင် လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ ကျင်းပသည့်အကြောင်း နေ့စဉ်ရက်ဆက်ဖော်ပြသည်။

ထို့ပြင် နေပြည်တော်၌လည်း မင်းခမ်းမင်းနားဖြင့်လည်း ဘွဲ့ပေးပွဲကြီးများကျင်းပသည်။

သူ့ကိုယ်သူ သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မဟု ဘွဲ့ခံထားသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ရင်းတပည့် ဒုဗိုလ်ချုပ်ကြီးညိုစောကိုလည်း အခမ်းအနားဖြင့် သရေစည်သူဘွဲ့ပေးသည်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဥက္ကဋ္ဌအဖြစ် ၂၀၁၄ ခုနှစ်မှ လက်ရှိအချိန်ထိ တာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီးညိုစောကို စစ်ခေါင်းဆောင်က အရေးပါအရာရောက်သော ရာထူးများလည်း ပေးထားသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အကြံပေးအဖြစ် ပြည်ထောင်စုအဆင့် ခန့်အပ်ထားသည်သာမက အခြားအရေးပါသော ကော်မတီ၊ ကော်မတီများတွင်လည်း အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ပေးထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အပေါင်းပါ ဗိုလ်ချုပ်ကြီးများမှာ ညပိုင်းတွင်လည်း မြစိမ်းရောင် ကတ္တီပါမြက်ခင်းပြင်ထက် ရောင်စုံမီးအလှများ၊ ငြိမ့်ညောင်းသာယာသော တေးသွားများဖြင့် ဂုဏ်ပြုညစာစားပွဲကြီး တက်ရောက်ကြသည်။

စစ်ဗိုလ်ချုပ်ကြီးများ အခန့်သားထိုင်နေသည့် စားပွဲနောက်ကွယ်တွင် မြန်မာ့သမိုင်းတစ်လျှောက် အထင်ရှားဆုံး စစ်ဘုရင်သုံးပါး၏ ရွှေရောင်ရုပ်တုကြီးများကို ပြသထားလေသည်။ လက်ရှိ မြန်မာနိုင်ငံထက် ကျယ်ဝန်းသော နယ်မြေဒေသကို ပိုင်ဆိုင်ခဲ့သည်ဆိုသော အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့၏ ရုပ်တုကြီးများကို ဝင့်ဝင့်ကြွားကြွား နေရာပေးထားသည်။

တရုတ်-မြန်မာနယ်စပ် လောက်ကိုင်ရှိ စစ်ဗိုလ်စစ်သားများအတွက်မူ ၂၅ နှစ်အတွင်း အခက်ခဲဆုံးနေ့ရက်ကို ဖြတ်သန်းနေခဲ့ရပြီးနောက် မတတ်သာသည့်အဆုံး ရန်သူ့ထံ လက်နက်ချ အညံ့ခံလိုက်ကြရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *