သူရဘွဲ့ရအရာရှိများကိုယ်စား မိသားစုဝင်များသာတက်ယူနိုင်

လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီက အခမ်းအနားဖြင့်ပေးသည့် သူရဘွဲ့အတွက် တိုက်ပွဲကျ စစ်တပ်အရာရှိများကိုယ်စား မိသားစုဝင်သာ တက်ယူနိုင်ခဲ့သည်ကို တွေ့ရသည်။ စွမ်းရည်သတ္တိနှင့်ပတ်သက်၍ ဒုတိယအမြင့်ဆုံးဖြစ်သော သူရဘွဲ့ကို ယခုနှစ်တွင် စစ်ကောင်စီက အရေအတွက် များများပေးထားသည်။

သူရဘွဲ့ရသူများဖြစ်သည့် ဗိုလ်မှူးကြီးဇေယျာဝင်း (ကိုယ်စား) ဇနီးဖြစ်သူ ဒေါ်နေရည်လင်း၊ ဗိုလ်မှူးကြီးမျိုးကိုကိုဝင်းအစား ညီဖြစ်သူ မျိုးညီညီဝင်း၊ ဒုဗိုလ်မှူးကြီးစိုင်းကမ္ဘာစိုးအစား ဇနီး ဖူးပွင့်ဖြူ၊ ဒုဗိုလ်မှူးကြီးသူရိန်ကိုယ်စား ဇနီးဖြစ်သူ မေသင်္ကြန်၊ လေတပ်မှ ဗိုလ်မှူးသော်ဇင်အတွက် ဖခင် ဦးအောင်ဆန်းဌေး၊ တပ်ကြပ်ကြီးဝင်းမြင့်သူကိုယ်စား ဇနီး ဒေါ်လဲ့လဲ့ဦးတို့ကို ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

သူရဘွဲ့ရသူများအနက် ဗိုလ်မှူးကြီးအောင်ဇေယျာဝင်းနှင့် ဗိုလ်မှူးကြီးမျိုးကိုကိုဝင်းတို့မှာ လွန်ခဲ့သည့် နိုဝင်ဘာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အနီးနှင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတိုက်ပွဲများတွင် သေဆုံးခဲ့သူများဖြစ်သည်။ ကျန်သူများမှာ မည်သည့်တိုက်ပွဲတွင် သေဆုံးသည်ကို အတိအကျ မသိရပေ။

လွန်ခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဗိုလ်မှူးကြီးလေးဦးကို သူရဘွဲ့ပေးကြောင်း စစ်ကောင်စီက ကြေညာခဲ့ရာ ယမန်နေ့ (ဇန်နဝါရီ ၄) က လွတ်လပ်ရေး ဘွဲ့ထူးဂုဏ်ထူးရသူစာရင်းတွင်လည်း ဗိုလ်မှူးကြီးငြိမ်းချမ်းနှင့် ဗိုလ်ကြီးသက်ပိုင်ထက်ဆိုသူတို့ကို သူရဘွဲ့ပေးကြောင်း ထည့်သွင်းဖော်ပြသည်။

မြန်မာစစ်တပ်တွင်း၌ အောင်ဆန်းသူရိယနှင့် သီဟသူရဘွဲ့များပြီးလျှင် အမြင့်ဆုံးဟု သတ်မှတ်ထားသည့် သူရဘွဲ့ကို ရှားရှားပါးပါးပေးအပ်လေ့ရှိသော်လည်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စိတ်ကြိုက်ပေးနေသည်ကို တွေ့ရသည်။ နှစ်စဉ် သူရဘွဲ့ရသူတစ်ဦးတစ်လေသာ ရှိဖူးသော်လည်း ယခုနှစ်တွင် စစ်ကောင်စီက ၈ ဦးထက်မနည်းကို သူရဘွဲ့ပေးထားသည်ကို တွေ့ရသည်။

ရာနှင့်ချီသော စစ်ဘက်နှင့် ရဲတပ်ဖွဲ့ဝင်များသာမက အာဏာသိမ်းပြီးနောက်ပိုင်း မြို့ပြပြောက်ကျားအဖွဲ့ဝင်များ၊ ဒေသအသီးသီးရှိ တော်လှန်ရေးအဖွဲ့များ၏ လုပ်ကြံမှုကြောင့် သေဆုံးခဲ့သည့် အုပ်ချုပ်ရေးမှူးနှင့် သတင်းပေးဒလန်များကိုလည်း စစ်ကောင်စီက ဘွဲ့ထူးဂုဏ်ထူးပေးအပ်ထားသည်။ ထို့ပြင် စစ်ကောင်စီက ၎င်းတို့နှင့်နီးစပ်သည့် လုပ်ငန်းရှင်များကိုလည်း ဘွဲ့ပေးနေသည်ကို တွေ့ရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *