စစ်ခေါင်းဆောင်က ဖနောင့်သံစူး၍ ယတြာချေနေပြီး လုပ်ကြံခံရနိုင်သည်ဆိုသော အခါတော်ပေး စကားကြောင့် အနားရှိ စစ်ဗိုလ်ချုပ်များကို ခေါ်ယူစစ်ဆေးမှုများရှိ

ဗုံးကြဲသတ်ဖြတ်မှုများ လုပ်ဆောင်နေသည့် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က၎င်း၏ ဖနောင့်သံစူး၍ နိမိတ်မကောင်းဟုဆိုကာ ယတြာချေမှုများ ပြုလုပ် နေကြောင်း သိရသည်။

ထို့ပြင် စစ်ခေါင်းဆောင်၏ အခါတော်ပေးဖြစ်သူက ယခုကာလအတွင်း လုပ်ကြံခံရနိုင် သည်ဟု အခါတော်ပေးသဖြင့် ၎င်းအနီးရှိ စစ်ဗိုလ်ချုပ်များကို ခေါ်ယူစစ်ဆေး ကြိမ်းမောင်းလျက်ရှိကြောင်း ထိပ်တန်းစစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“စစ်ခေါင်းဆောင် အရမ်းယုံကြည်ရတဲ့ အခါတော်ပေးက မင်းကုသပ လို့ခေါ်တယ်။ ဘိုးတော်မကျ၊ ဘုန်းကြီးမကျဘဲ။ သူအခါတော်ပေးသမျှ စစ်ခေါင်းဆောင်က လိုက်လုပ် တယ်။ စစ်အုပ်စုကပြုလုပ်နေတဲ့ ယတြာ တွေကလည်း သူ့ဆီကထွက်တာများတယ်။ အခုလည်းလုပ်ကြံခံရမယ်လို့ ပြောလို့ အကုန်ခေါ်အထောင်းခံနေရတယ်” ဟု ထိပ်တန်း စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်ကပြောသည်။

ဗေဒင်ယတြာနှင့် အခါတော်ပေးများကို အထူးယုံကြည်သည့် စစ်ခေါင်းဆောင်သည် ယခုလတ်တလော လုပ်ကြံခံရမည်ဟု အခါတော်ပေးခံရသည့်အတွက် ၎င်းအနီးတွင် ရှိသည့် ယုံကြည်ရသည့် ထိပ်တန်းအရာရှိနှင့် စစ်တိုင်းမှူးများအပါအ၀င် ၄၀ ကျော်ကို ခေါ်ယူစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

“ခေါ်စစ်ခံရတဲ့အထဲမှာ ဗိုလ်ချုပ်ကြီးမြထွန်းဦးတို့က အစပါတယ်။ အများစုက သူယုံကြည်လို့ အနားခေါ် ခန့်ထားတဲ့သူတွေကြီးပဲ။ တိုင်းမှူးတွေနဲ့ စစ်‌ဗိုလ်ချုပ် တွေလည်းပါတယ်”ဟု ၎င်းကဆိုသည်။

စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့်လပိုင်းအတွင်းမှစ၍ ၎င်းကိုလုံခြုံရေးယူပေးရသည့် လုံခြုံရေးအရာရှိမှအစ နေအိမ်လုံခြုံရေးအဖွဲ့များအထိ ယုံကြည်မှုမရှိတော့၍ လှဲလှယ်မှုများပြုလုပ်ခဲ့ပြီး ယခုနောက်ပိုင်းတွင်လည်း ၎င်း၏ခရီးစဉ်များကို ကြိုတင်လုံခြုံရေးယူ စီစဉ်ထားခိုင်းမှုများမရှိဘဲ သွားရောက်မှုများ ပြုလုပ်လာကြောင်း သိရသည်။

စစ်ကောင်စီတပ်အတွင်းတွင် စစ်ခေါင်းဆောင်၏ ညွှန်ကြားမှုဖြင့် တပ်နယ်များအလိုက် ယတြာချေမှုများ မကြာခဏပြုလုပ်နေပြီး ရှမ်းမြောက် “၁၀၂၇ စစ် ဆင်ရေး” စတင်ကတည်းက ရှေ့တန်းစစ်စခန်းများတွင် သေဆုံးမှုများပြားနေသည့်အတွက် ကျောက်ကျော၊ ဘယာကြော်နှင့်မုန့်လုံးရေပေါ်ယတြာများကို စစ်ဌာနချုပ်နှင့် တပ်နယ် အားလုံး လုပ်ဆောင်ရမည်ဟု တရား၀င်စာထုတ် ခိုင်းစေမှုများရှိခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း အရှေ့တောင်တိုင်းနယ်မြေ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ဌာနချုပ်အတွင်း၌ ဘုရားစင်ပေါ်တွင် ရွှေဖရုံသီးကိုတင်၍ ယတြာချေခိုင်းမှုများရှိခဲ့ပြီး ဧရာ၀တီတိုင်း အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) အရာရှိအိမ်ရာရှေ့တွင် လမ်းခင်းကျောက်ကို ရွှေချပူဇော်ကာ ယတြာချေမှုများ ပြုလုပ်ခဲ့သေးသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *