ကသာမှာ သောင်းကျန်းနေတဲ့ စစ်ကောင်စီ ကျားဘီလူးစစ်ကြောင်း

“ခြေတွေလက်တွေရော လက်ချောင်းတွေကိုရောဖြတ်တယ် ဓားတွေနဲ့လည်း အချက်ပေါင်းများစွာလှီးတယ် ပြီးရင်မျက်နှာတွေကိုလည်း သေနတ်နဲ့ဘောက်လိုက်ဆွဲထားတာမျိုးတွေရော ဦးနှောက်တွေဆိုအပြင်ဘက်ကိုထွက်နေတာ အဲ့တာပြီးမှသေနေပါပြီဆိုတဲ့အလောင်းတွေကိုခေါင်းတစ်ခြားကိုယ်တစ်ခြား ဖြစ်အောင်ကိုဖြတ်ပစ်တယ်”

ဒါကတော့ ကချင်နဲ့စစ်ကိုင်းအစပ်မှာရှိတဲ့ ကသာမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတစ်လအတွင်းမှာဘဲ အရပ်သား ၂ ယောက်၊ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ယောက် စုစုပေါင်း ၇ ယောက်ကို စစ်ကောင်စီတပ်ကရက်ရက်စက်စက် သတ်ဖြတ်သွားတဲ့အကြောင်း ကသာမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ယောက်က ပြောပြသွားတာပါ။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့က ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သတင်းတာဝန်ခံ ကိုဘရန်ရှောင်နဲ့အတူနောက်ထပ်တပ်ဖွဲ့ဝင်တစ်ယောက်ဟာ ကသာမြို့နဲ့ ၅ မိုင်အကွာမှာရှိတဲ့ ပင်းမလွှတ်ရွာမှာ ညအိပ်နားတဲ့အချိန် စစ်တပ်က ရက်ရက်စက်စက်သတ်ဖြတ်သွားတာပါ။

အဲ့ဒီသတ်ဖြတ်ခံရမှုမှာ ကိုဘရန်ရှောင်နဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အပါအဝင် ညအိမ်ပိုင်ရှင် ကိုဘောက်မိုင်ပါ သတ်ဖြတ်ခံလိုက်တဲ့အပြင် သတ်ဖြတ်ပြီးတာနဲ့ကိုဘရန်ရှောင်တို့တည်းခဲ့တဲ့အိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သလို ပင်းမလွှတ်ရွာထဲက နောက်ထပ်နေအိမ် ၄ လုံးအထိမီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဒါ့အပြင် အဲဒီသတ်ဖြတ်မှုဖြစ်ပြီး ၄ ရက်အကြာ ဒီဇင်ဘာ ၂၀ ရက်နေ့မှာတော့ ကသာမြို့နယ်မိုးတားလေးတိုက်နယ်ထဲက ဒရုန်းတပ်ဖွဲ့ဝင် ၃ ဦး ကသာမြို့အဝင်က စစ်ကောင်စီဂိတ်ကို စစ်ဆင်ရေးသွားလုပ်တဲ့အချိန် အဲဒီစစ်ကြောင်းနဲ့တိုးပြီး ထပ်ပြီးသတ်ဖြတ်ခံခဲ့ရပြန်ပါတယ်။

“အသက်အရွယ်တွေက ၂၀ ကျော်လေးတွေပဲ ကိုဘရန်ရှောင်တို့ကိုသတ်သွားတဲ့စစ်ကြောင်းပဲ “လို့ မိုးတားလေးတိုက်နယ်ကကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ယောက်ကပြောပါတယ်။

အလားတူဘဲ ဒီဇင်ဘာ ၂၃ ရက်နေ့မှာတော့ ကသာမြို့နယ်အောင်ပုံရွာထဲက နေအိမ်တစ်အိမ်ထဲကို စစ်တပ်ကဝင်စီးပြီး အိမ်ရှင်ကိုဒူးရှည်ဆိုတဲ့ အရပ်သားကို နေအိမ်ထဲမှာဘဲသတ်ဖြတ်သွားခဲ့ပါတယ်။ ကိုဒူးရှည်ကတော့ အရပ်သားဖြစ်တယ်လို့ KNG က အတည်ပြုရပေမဲ့ စစ်တပ်ဘက်ကတော့ထောက်ပို့ တပ်ဖွဲ့ဝင်ဖြစ်တယ်ဆိုပြီးသတ်ဖြတ်သွားခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေဆီကသိရပါတယ်။

ဒီလို အရပ်သားအပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ စစ်ကြောင်းရဲ့နာမည်ကတော့ “ကျားဘီလူးစစ်ကြောင်း” ဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကဆိုပါတယ်။

“သတ်ဖြတ်မှုတွေကျူးလွန်ခဲ့တဲ့စစ်ကြောင်း “ အဲ့ဒီစစ်ကြောင်းကိုယ်တိုင်က အရပ်သားနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်ပြီးတဲ့အချိန် သတ်ဖြတ်ခံရသူတွေရဲ့ ခန္ဓာကိုယ်ပေါ် “ကျားဘီလူးစစ်ကြောင်း” လို့ ဆော့ပင်နဲ့ရေးသွားတာကြောင့် သိရတာပါ။

“ကျားဘီလူးစစ်ကြောင်းလို့သူတို့ကရေးသွားတာပေါ့နော် ကျမတို့နယ်ဘက်ကို အဲ့ဒီလိုမျိုး တစ်ခါမှာ လှုပ်ရှားတာမျိုးမရှိခဲ့ဘူး ဒီစစ်ကြောင်းက ရှမ်းနီ SNA တပ်ဖွဲ့ဝင်ရယ် စစ်သားတွေရယ်ရောနေတာ လက်အောက်ခံကတော့ တပ်မ ၈၈ လက်အောက်ခံပဲ “ လို့ မိုးတားတိုက်နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ယောက်ကပြောပါတယ်။

ဒီစစ်ကြောင်းဟာ ကသာနယ်ထဲကို ပြီးခဲ့တဲ့ တစ်လကျော်လောက်က ရွှေကူမြို့နယ် ကျောက်ကြီးဘက်ကနေဝင်လာတဲ့စစ်ကြောင်းဖြစ်ပြီး တပ်ရင်းတပ်ဖွဲ့တွေ ရောနှောထားတဲ့အတွက် တပ်ရင်းအတိအကျကိုတော့မသိရဘဲ “ကျားဘီလူး”ဆိုတဲ့ စစ်ကြောင်းအမည်ကိုသာ ကာကွယ်ရေးတပ်တွေဘက်ကလည်း အတည်ပြုနိုင်တာဖြစ်ပါတယ်။

အဲ့ဒီစစ်ကြောင်းက တပ်ဖွဲ့ဝင်တွေရဲ့ ပုံစံကတော့ နားတစ်ဖက်မှာ နားကပ် ၅ ခုလောက်ဆင်ထားသလို အာကာထွန်းဘောင်းဘီတို စွပ်ကျယ်လက်စကတွေကိုဝတ်ပြီး သာမန်ကြည့်ရင် အရပ်သားပုံစံမျိုး ဝတ်ဆင်ကြတယ်လို့ သိရပါတယ်။

လက်ရှိ ကသာနယ်ထဲဝင်နေတဲ့ ကျားဘီလူးစစ်ကြောင်းနဲ့ပတ်သက်ပြီး စစ်ကိုင်းဒေသခံ နိုင်ငံရေး နဲ့ စစ်ရေး လေ့လာသုံးသပ်သူ ကိုစိုးဝင်ဆွေက “ ကျားဘီလူးစစ်ကြောင်းဆိုတာက တပ်ရင်းတစ်ရင်းထဲကို ပုံသေသတ်မှတ်ထားတာတော့မဟုတ်ဘူး တပ်ရင်းတစ်ရင်းမှာက ဒဏ်ရာရသူကော အသက်ကြီးသူရော လူငယ်ရောအစုံပါတာပေါ့ ကျားဘီလူးစစ်ကြောင်းက ပြည်သူကြောက်အောင်ကို လက်ရဲဇာတ်ရဲ သန်သန်မာမာ ကြမ်းကြမ်းတမ်းတမ်း လူတွေကို တပ်ရင်းအသီးသီးကနေ စုပြီးတော့ အထူးတပ်ပုံစံမျိုးတာဝန်ပေးတဲ့ ပုံစံမျိုးလို့ကြားသိရပါတယ်” လို့ ပြောပါတယ်။

အခုတော့ အဲ့ဒီလိုကြမ်းပါပေ့ ဆိုတဲ့ “ ကျားဘီလူးစစ်ကြောင်း ” ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်နဲ့အစပ် ကသာမြို့နယ်ထဲကို ဝင်ရောက်ပြီး လှုပ်ရှားတပ်ရင်းအဖြစ် အရပ်ဝတ်တွေနဲ့ပဲ ရွာလှည့် စစ်ကြောင်းလှုပ်ရှားတာတွေလုပ်နေပါတယ်။”

အဲ့ဒီစစ်ကြောင်း ကသာမြို့နယ်ထဲကိုဝင်လာပြီးနောက်ပိုင်း အရပ်သားနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သတ်ဖြတ်ခံရတာတွေဟာ ခပ်စိပ်စိပ်များလာတဲ့အပြင် ဒီဇင်ဘာ ၂၈ ရက်နေ့နဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့တွေမှာတော့ မိုးတားလေးရွာ၊ ကျွန်းပင်ရွာ နဲ့ကသာမြို့က ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က ရွာတွေကို လေကြောင်းတိုက်ခိုက် မှုတွေလုပ်ခဲ့ပါတယ်။

၂၀၂၃ ဒီဇင်ဘာ ၂၆ ရက်နေ့ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာဆိုရင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ခေတ္တရောက်ရှိနေတဲ့ မိုးတားလေးရွာနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ အရာရှိတစ်ယောက် ရောက်နေတဲ့ ကျွန်းပင်ရွာကို နေရာအတိအကျနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

“လေယာဥ်တစ်ဆင်းထဲက ကျွန်းပင်ရွာကိုအရင်ကြဲတယ် အဲ့တာပြီးမှမိုးတားလေးကိုသွားကြဲတယ် နှစ်နေရာ က ၅ မိနစ်ပဲကွာပြီးကြဲခံရတယ် ဒါ့ကြောင့် EAO ရဲ့ အရာရှိတစ်ယောက်ရောက်နေတဲ့

ကျွန်းပင်ရွာ ရယ် မိုးတားလေးက မြို့လှကာကွယ်ရေးတပ် စစ်ကြောင်းရောက်တဲ့နေရာရောဟာ အတိအကျကို သတင်း ပေးလို့ ကျနော်တို့ဆီမှာ လေယာဉ်ကြဲတာ အများကြီးခံခဲ့ရဖူးတယ် အဲ့ဒီနေ့ကကြဲသွားတာကတော့ ပစ်မှတ် နှစ်ခုလုံး ကိုကြဲသွားတာ” လို့ပြောပါတယ်။

မိုးတားလေးရွာ လေကြောင်းတိုက်ခိုက်မှုမှာတော့ အသက် ၈၀ အရွယ်အဘွားအိုတစ်ယောက်နဲ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ယောက် သေဆုံးခဲ့ရပြီးတော့ နေအိမ် ၈ လုံးက ရစရာမရှိအောင်ပျက်ဆီးသွားခဲ့ပါတယ်။

အဲ့ဒီ “ကျားဘီလူးစစ်ကြောင်း” လို့ သူတို့ကိုယ်တိုင် အမည်ပေးထားတဲ့ စစ်ကြောင်းဝင်လာတာနဲ့အတူ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သတင်းအတိအကျနဲ့ ဝင်စီးခံရတဲ့ ဖြစ်စဥ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဥ်တွေကို သုံးသပ်ကြည့်ရင် ကသာနယ်ထဲစစ်ကောင်စီတပ်ဘက်က အတိအကျသတင်းပေးနိုင်တဲ့ သူတွေရှိနေနိုင်တယ်လို့ ကသာစစ်ရေးအခြေနေသိရှိသူတွေကသုံးသပ်ကြပါတယ်။

“ကျနော်တို့ကတော့ အောက်မှာ သူတို့ရွာခံတွေထဲကသတင်းပေးတဲ့သူလည်း ရာခိုင်နှုန်းများတယ်လေ အဲ့လိုလူမျိုးတွေရယ် ပြီးတော့ မြေပုံတွေကိုတော်တော်ကျွမ်းကျင်သူတွေ ဒီဘက်မှာသွားနေနိုင်တယ်လို့သုံးသပ်မိတယ်” လို့ ကသာကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

ဒါ့အပြင် တစ်ဖက်မှာလည်း ကသာမြို့နယ်ထဲမှာ ညပိုင်းအချိန်တွေနဲ့ မနက်အာရုံမတက်ခင်အချိန်တွေဆို စစ်ကောင်စီတပ်ဘက်က ဒရုန်းသုံးပြီး ကင်းထောက်လေ့ရှိပြီးတော့ အဲ့ဒီဒရုန်းတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပါအဝင် အရပ်သားတွေနေတဲ့နေရာတွေကို နေရာအတိအကျဝင်စီးခံရပြီး ဆက်တိုက်သတ်ဖြတ်ခံလာရတာကလည်း “ကျားဘီလူး စစ်ကြောင်း”ဝင်လာချိန်ဖြစ်သလို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရွာတွေထဲခေတ္တရောက်တဲ့အချိန် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် တိကျတဲ့ သတင်းပေးတွေရှိထားလို့ ဖြစ်နိုင်တယ်လို့ကာကွယ်ရေးတပ်တွေဘက်ကသုံးသပ်ကြပါတယ်။

ပုံစာ – ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၂၃ နေ့က သတ်ဖြတ်ခံခဲ့ရတဲ့ ဒရုန်းတပ်ဖွဲ့ဝင်၃ယောက်ရဲ့ ရုပ်အလောင်း


Comments

Leave a Reply

Your email address will not be published. Required fields are marked *