ဖရဲသီး (သို့မဟုတ်) စစ်ကောင်စီ ယူနီဖောင်းနဲ့ တော်လှန်ရေးသမားများ

၂ နှစ်လောက် ကြာတဲ့ထိ သူ့အသက်ကို ဖက်နဲ့ထုပ်ပြီး ရဲတပ်ဖွဲ့ဝင် တဦးအဖြစ် တာဝန်ထမ်းဆောင်ရင်း လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေအတွက် ပဉ္စမံတပ်သား လုပ်ပေးခဲ့ဖူးတဲ့အကြောင်း ကိုရန်က ပြောပြပါတယ်။ အခုတော့ သူက စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ရဲ့ အမှုထမ်း မဟုတ်တော့ပါဘူး။

တရားမျှတမှု လုံးဝမရှိတဲ့ အမိန့်တွေကို ကျွန်တော်ဆက်ပြီး လိုက်နာနေဖို့ မလိုတော့ဘူးလို့ ကိုရန်က ဆိုတယ်။ သူဟာ ဧပြီလတုန်းက ရဲတပ်ဖွဲ့ကနေ ထွက်ပြေးလာပြီး နယ်စပ်မြို့ တခုမှာ အခြေချ ခိုလှုံနေပါပြီ။ သူ့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်တာကြောင့် ကိုရန်က နာမည်အပြည့်အစုံ ထုတ်ပြောဖို့ကိုတော့ ငြင်းဆိုခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းလိုက်ချိန် ကတည်းက မြန်မာ စစ်ကောင်စီဟာ မကြုံစဖူး အားကောင်းလှတဲ့ လက်နက်ကိုင် မဟာမိတ် တော်လှန်ရေး အင်အားစုတွေရဲ့ အပြင်းအထန် ခြိမ်းခြောက်မှုကို ခံနေရတယ်။ ဒါ့အပြင် အဖွဲ့အစည်းရဲ့ အတွင်းပိုင်းမှာလည်း လျှို့ဝှက် ဆန့်ကျင်သူတွေနဲ့ တော်လှန်ရေးဘက် ပြောင်းလဲ ခိုလှုံသွားသူတွေကြောင့်ပါ တအိအိ အင်အားယုတ်လျော့လာနေပြန်တယ်။

စစ်မြေပြင် အခြေအနေတွေနဲ့ ပတ်သက်လို့ Reuters သတင်းဌာနက ဆက်သွယ် မေးမြန်းတဲ့အခါ အာဏာသိမ်း စစ်တပ်က တုံ့ပြန်တာမျိုး မရှိခဲ့ပါဘူး။ ဒါပေမဲ့ ထိန်းချုပ်နယ်မြေတချို့ လက်လွှတ် ဆုံးရှုံးသွားတယ် ဆိုတာကိုတော့ အသိအမှတ်ပြု ဝန်ခံထားရပါတယ်။

နောက်ပြီး စစ်တပ်ဟာ အဖွဲ့အစည်းထဲမှာ သူလျှိုတွေ ရှိနေတဲ့ ကိစ္စအပေါ် ဘယ်တုန်းကမှ တိတိကျကျ မှတ်ချက် မပေးခဲ့ပါဘူး။ လူမှုကွန်ရက် မီဒီယာတွေမှာတော့ စစ်တပ်ထဲက အရာရှိ၊ အရာခံ အကြပ်စစ်သည်တွေကြားမှာ တော်လှန်ရေး လှုပ်ရှားမှုအပေါ် လိုလားထောက်ခံသူတွေ ရှိနေတဲ့ အကြောင်းကို မကြာခဏ ဖော်ပြလေ့ ရှိပါတယ်။

တော်လှန်ရေး အင်အားစုတွေက စစ်တပ်ထဲကနေ သတင်းပေးအဖြစ် ကူညီနေတဲ့ အရေအတွက်ကို တိတိကျကျ ခန့်မှန်းဖို့ ခက်တယ်လို့ ပြောပါတယ်။ ပြီးတော့ မိသွားရင် သေဖို့ အရမ်းနီးနေတာကြောင့် အရေအတွက်အားဖြင့်တော့ နည်းလိမ့်မယ်လို့ ဆိုတယ်။ အဲဒီ အရေအတွက် နည်းနည်းလေးရဲ့ အခန်းကဏ္ဍကပဲ တော်လှန်ရေးအတွက် ကြီးကြီးမားမား အရေးပါနေပြန်တယ်။

အဲဒီ တော်လှန်ရေး လိုလားသူ စစ်သားတွေ၊ အရာရှိတွေဟာ စစ်ရေး အသုံးအဆောင် ပစ္စည်းတွေ သယ်ယူပို့ဆောင်တာမျိုး အရေးကြီးတဲ့ သတင်း အချက်အလက်တွေကို တော်လှန်ရေးဖက် ထောက်ပံ့ပေးနေတယ်လို့ အလင်းဝင်လာသူတွေကို ကူညီပေးနေတဲ့ ပြည်သူ့ပန်းတိုင် အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တဦးက Reutersကို ရှင်းပြခဲ့ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *