တံတားဦးတွင် ကြံ့ဖွံ့ပါတီဝင် ၃ ဦး အသတ်ခံရ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် ဇန်နဝါရီလ ၁၆ ရက်နေ့ညက ကြံ့ဖွံ့ပါတီဝင်သုံးဦး သေနတ် ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

“တစ်ယောက်က ကျောင်းဆရာမ၊ နောက်နှစ်ယောက်က အုပ်ကြီးဟောင်းနဲ့ သူ့တပည့်သက်နွယ်အောင်။ သက်နွယ်အောင်ဆိုတာ စိတ်ကျန်းမာရေးချို့တဲ့သူကိုတောင် PDF လို့စွပ်စွဲပြီး စစ်တပ်ကိုဖမ်းခိုင်းတဲ့သူ။ သုံးယောက်လုံး တညတည်း အသတ်ခံလိုက်ရတာ” ဟု ဒေသခံတဦးကပြောသည်။

အသတ်ခံရသူသုံးဦးမှာ တံတားဦးမြို့နယ်၊ တပယ်ကျေးရွာမှ Non CDM ကျောင်းဆရာမ ဒေါ်မီမီထွန်း (၄၁ နှစ်)၊ ထောက်ရစ်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးမြင့်ထွန်း ( ၅၃ နှစ်)နှင့် ဒေါ်သက်နွယ်အောင်(၄၂ နှစ်)တို့ဖြစ်ပြီး ၎င်းတို့ကို ည ၁၀ နာရီဝန်းကျင်ခန့်တွင် နေအိမ်အသီးသီးသို့ ဝင်ရောက်သတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်သွားကြောင်း ယနေ့နံနက်ပိုင်းထိ အတည်မပြုနိုင်သေးသော်လည်း အသတ်ခံရသူသုံးဦးလုံးမှာ ကြံ့ဖွံ့ပါတီဝင်များဖြစ်ပြီး ၎င်းတို့သည် စစ်ကောင်စီတပ်နှင့်ရင်းနှီးမှုကို အခွင့် ကောင်းယူပြီး လူထုကိုအနိုင်ကျင့်နှိပ်စက်လေ့ရှိကြောင်း ဒေသခံများက အတည်ပြုသည်။

၎င်းတို့သည် အာဏာသိမ်းမှုအပေါ် ဆန္ဒပြပွဲများအားကောင်းစဉ်က ဦးဆောင်သူများနှင့် CDM ဝန်ထမ်း များ၏နေအိမ်များအား စစ်ကောင်စီထံသတင်းပေးခြင်း၊ လက်နက်ကိုင်တော်လှန်ရေးကာလတွင်လည်း ထောက်ပို့ရဲဘော်များအား လက်ထောက်ချဖမ်းဆီးခိုင်းခြင်းများပြုလုပ်ခဲ့ကြောင်းလည်း ဒေသခံများကဆို သည်။

“ဒီလူတွေက စကစထောက်ပို့အကြီးစားတွေပေါ့။ တံတားဦးမှာ သူတို့ကြောင့် ဘဝပျက်ခဲ့ရတဲ့မိသားစုတွေ အများကြီးပဲ” ဟု ဒေသခံတဦးကလည်း ပြောသည်။

တံတားဦးမြို့နယ် ထောက်ရစ်ကျေးရွာတွင် ၂၀၂၃ ခုနှစ် မေလ ၂၇ ရက်နေ့ကလည်း ကြံ့ဖွံ့ပါတီဝင် ငါးဦး အသတ်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း တနိုင်ငံလုံးအတိုင်းအတာဖြင့် ကြံ့ဖွံ့ပါတီဝင် ၂၄၀၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်ဟု ပါတီတာဝန်ရှိသူများက ၂၀၂၂ နှစ်ကုန်ပိုင်းကသတင်းထုတ်ပြန်ခဲ့ပြီး ယင်းနောက် တွင် ပါတီဝင်များသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းမရှိတော့ပေ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *