ဒိုက်ဦးမြို့ အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ်ခံရပြီး ရာအိမ်မှူး ပွဲချင်းပြီး သေဆုံး

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့ အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ်ခံရပြီး ရာအိမ်မှူး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများကပြောဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဒိုက်ဦးမြို့၊ အမှတ် ၉ ရပ်ကွက်၊ ဒါးပိန်စုအပိုင်း လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ထိုင်နေသော ဒိုက်ဦးမြို့ အမှတ် ၉ ဖအောင်ဝဲ ရပ်ကွက်အုပ်ချုပ်ရေးမှူး ခင်ဝင်းနှင့် ရာအိမ်မှူး ခင်မောင်မြင့် တို့ကို မြို့ပြ UG အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရာအိမ်မှူး ခင်မောင်မြင့် ပွဲချင်းပြီးသေဆုံးပြီး အုပ်ချုပ်ရေးမှူး ခင်ဝင်းမှာ လက်မောင်းနှင့် လည်ပင်းတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒိုက်ဦးဆေးရုံမှ ပဲခူးဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပစ်ခတ်ခံရသော အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့သည် အကြမ်းဖက် စစ်တပ်ကို အားပေးထောက်ခံ၍ ဆန္ဒပြ ပြည်သူများကို ဖမ်းဆီးစေခိုင်းသည့်အပြင် ဖမ်းဆီးရာတွင် ကိုယ်တိုင် ပါဝင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်သား၊ ရဲများနှင့် ပူးပေါင်း၍ လောင်းကစားဝိုင်းများကို လိုင်းကြေးကောက်၍ ပြုလုပ်သည့်အပြင် ၊ KTV နှင့် ပြည့်တန်ဆာအိမ်များမှလည်း လိုင်းကြေးများ ကောက်ခံပြီး ပညာရေးနှင့်ဆိုင်သော ရန်ပုံငွေများကိုလည်း အလွဲသုံးစားများ လုပ်ဆောင်ကြောင်း၊ တောင်သူများထံမှ စိုက်ဘဏ် ချေးငွေများ အတင်းအကြပ်တောင်းခြင်း၊ မီတာခများ အတင်းအကြပ်ကောက်ခံခြင်းတို့လည်း လုပ်ဆောင်သူများဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် အတွက် ပျူစောထီး၊ ပြည်သူ့စစ်များ ဖွဲ့စည်းရန် လူအင်အား စုဆောင်းပေးခြင်း၊ UG များကို ဖမ်းဆီးခြင်းများ စသည့် လုပ်ရပ်များကိုလည်း လုပ်ဆောင်ခဲ့သည့်အတွက် 9 Star UG အဖွဲ့ နှင့် DaikU DDF အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *