တရုတ်ကြားဝင်ခဲ့သည့် အပစ်ရပ်စဲရေးကို လိုက်နာနေရ၍သာ မြို့သိမ်းတိုက်ပွဲများ ဆက်မလုပ်နိုင်ခြင်းဖြစ်ဟုညီနောင်သုံးဖွဲ့အသိ​ပေး

စစ်​ကောင်စီက သ​ဘောတူညီချက်ကိုဆက်လက်ချိုး​ဖောက်ဟုဆို

ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် စစ်ကောင်စီနှင့် ပြုလုပ်ထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာနေကြောင်းနှင့် အကယ်၍ သဘောတူညီချက်မလိုက်နာပါက မြို့ကြီးများကို သိမ်းပိုက်ထားပြီးဖြစ်မည်ဟု အသိပေးထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေး ၈၄ရက်မြောက်နေ့ ဒီဇင်ဘာ ၁၈ရက်နေ့ စစ်ရေးအခြေအနေကို အသိပေးရာ၌ ထိုသို့ အသိပေးခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလ (၁၁) ရက်နေ့တွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုနှင့် ကမကထပြုမှုတို့ကြောင့် ရရှိခဲ့သော “ဟိုင်ဂင် သဘောတူညီမှု” သည် ယနေ့ဆိုလျှင် တစ်ပတ်ပြည့်ပြီဖြစ်ကြောင်း၊ စစ်ဆင်ရေးအရှိန်မှာ အနည်းငယ်ရပ်တန့်သွားသည်ဟုထင်ရသော်လည်း မပြောင်းလဲသော ကိန်းသေအလျင်နှုန်းဖြင့် ၁၀၂၇ စစ်ဆင်ရေးကြီးသည်လည်း ဆက်လက်ရွေ့လျားလျက်ရှိပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသော ဘုံရည်မှန်းချက်များအတွက် ပုံမှန်အလုပ်လုပ်လျက်ရှိကြောင်း ထုတ်ပြန်သည်။

“ဟိုင်ဂင် သဘောတူညီမှု” ရရှိခဲ့သည့်နေ့မှ ယနေ့အချိန်ထိ ညီနောင်သုံးဖွဲ့ဘက်မှ သဘောတူညီခဲ့သည့်အတိုင်း လိုက်နာနေ၍သာ မလိုလားအပ်သောအခြေအနေများ ဖြစ်ပေါ်မလာရခြင်းဖြစ်သည်ဟုဆိုသည်။

အကယ်၍ ညီနောင်သုံးဖွဲ့ဘက်မှစိတ်ရှည်သည်းခံခြင်းလည်းမရှိ၊ ဟိုင်ဂင်သဘောတူညီချက်များကိုလည်း လိုက်နာခြင်းမရှိဘဲ သွေဖည်နေမည်ဆိုပါက သတ်မှတ်ထား သည့်အတိုင်း စစ်ဆင်ရေးပစ်မှတ်များနှင့် မြို့သိမ်းတိုက်ပွဲများကို အကောင်အထည်ဖော်ထားခဲ့ပြီဖြစ်ကြောင်း ဖော်ပြသည်။ မြို့ ကြီးများမှာလည်း ညီနောင်မဟာမိတ်တပ်များ၏ လက်အောက်သို့ ကျရောက်နေခဲ့လိမ့်မည်ဖြစ်ဟု အသိပေးသည်။

သို့သော် တော်လှန်ရေးအဖွဲအစည်းများဖြစ်သည့်အလျောက် တော်လှန်ရေးကတိသစ္စာတည်ကြည်သော အဖွဲအစည်းများလည်းဖြစ်ကြောင်း ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးနှင့် တရုတ်ဖြစ် ဟိုင်ဂင်အပစ်အခတ်ရပ်စဲရေး ကို စောင့်ကြည့်နေကြောင်း တအာင်းတပ်မတော်(TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တားဘုန်းကျော်က ဇန်နဝါရီ ၁၄ရက်တွင် ၎င်း၏လူမှုကွန်ရက်၌ ရေးသားအသိပေးထားသည်။

“စိနလှိုင်းလုံးဖိတော့ ဖမ်းမိလုလု ငါးကြီး လွှတ်လိုက်ရတော့မှာလိုလို.. ဟူး..မော၊ တလှိုင်းပြီးတလှိုင်း မှန်မှန်စီးပါလေ” ဟုလည်း ဗိုလ်မှူးချုပ် တားဘုန်းကျော်က တရုတ်ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် စတင်ဆွေးနွေးခဲ့ရသည့် အချိန် ဒီဇင်ဘာ ၁၁ရက်က ရေးသားအသိပေးထားခဲ့ဖူးသည်။

သို့​သော် ဒီဇင်ဘာလတွင် ကိုးကန့်​ဒေသတွင် စစ်ရှိန်​လျှော့သော်လည်း TNLA လှုပ်ရှားရာ​ဒေသတွင် ထိုးစစ်မြှင့်၍ မြို့သိမ်းတိုက်ပွဲများဆက်တိုက်ဆင်နွဲခဲ့သည်။ထို့​နောက် MNDAA ကလည်း ​လောက်ကိုင်မြို့ ရှိစစ်တပ်စခန်းများနှင့် ပြည်သူ့စစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၄ ရက် နှင့် ၅ ရက် တွင် ​လောက်ကိုင် ဒကစ တစ်ခုလုံးနှင့် လက်ကျန် စစ်တပ်စခန်းတို့မှ စစ်သားနှင့် မိသားစုဝင် ၄၀၀၀ ခန့်လက်နက်ချပြီး MNDAA က​လောက်ကိုင်မြို့ကို သိမ်းပိုက်ခဲ့သည်။

တရုတ်ကြားဝင်မှုဖြင့် အပစ်မရပ်ခင်အထိ့ ညီ​နောင် သုံးဖွဲ့က မြို့​ပေါင်း ၁၆ မြို့ ၊နယ်စပ်ဂိတ်များ နှင့် စစ်စခန်း​ပေါင်း ရာနှင့်ချီ ၍ သိမ်းပိုက်ခဲ့သည်။

အခြားတစ်ဘက်တွင် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အစရှိသဖြင့် အဖက်ဖက်၌ရှုံးနိမ့်နေသည့်စစ်ကောင်စီသည် ယခင်ရက်များအတိုင်း ညီနောင်မဟာမိတ်တပ်များနှင့် အရပ်သားပြည်သူများအား လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကို ရှမ်းမြောက်ဒေသအတွင်း စစ်ကောင်စီက ဆက်လက်ပြုလုပ်နေခဲ့ကြောင်း ဖော်ပြသည်။

အလားတူပင် ရက္ခိုင်ဒေသ၌လည်း ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား ထိတွေ့တိုက်ပွဲအချို့မှာ မင်းပြား၊ ပေါက်တော၊ မြောက်ဦး၊ ရမ်းဗြဲနှင့် အမ်းမြို့နယ်များအတွင်းတွင် ယခင်ရက်များနည်းတူ ဆက်ရှိနေသည်ဟု သိရသည်။
ထိုအပြင် ရှမ်းမြောက် မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီက ဇန်နဝါရီ ၁၈ ရက်တွင် လေကြောင်း တိုက်ခိုက်မှု ၁၆ကြိမ် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ညီ​နောင် သုံးဖွဲ့က ရှမ်း​မြောက်တွင် အပစ်စပ်ထားချိန်တွင် မိုးမိတ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ABSDFနှင့် PDF ပူးပေါင်းတပ်က ဇန်နဝါရီ ၁၈ ရက်တွင် ဝင်ရောက်တိုက်ခိုက်လျက်ရှိရာ မြို့မရဲစခန်းကို သိမ်းနိုင်ခဲ့ပြီး ဗျူဟာကုန်းကို ဆက်လက်တိုက်ခိုက်နေသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ အဆိုပါတပ်ဖွဲ့များသည် အပစ်ရပ်စဲရေးတွင် ပါဝင်မှုမရှိသည့် တပ်များဖြစ်သည်။ ယခင်ရက်များက လည်း ကွတ်ခိုင်မြို့နယ်ရှိ ခလရ ၁၂၃ ကို KIA ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၁၆ ရက်က စစ်တပ်၏ ဂျက်ဖိုက်တာယာဥ်ကို KIA ကပစ်ချခဲ့သည်။

ရခိုင်ဒေသအတွင်း မင်းပြား၊ မြောက်ဦးနှင့် ပေါက်တောမြို့နယ်အတွင်း၌ ရက္ခိုင့်တပ်တော် (AA) က အပြီးသတ်သိမ်းပိုက်ရန်ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏လက်ကျန်တပ်စခန်းများကို ဆက်လက်ချေမှုန်းလျက်ရှိကြောင်း အသိပေးသည်။

ကိုးကန့်ဒေသ၌ ယခုရက်ပိုင်းများတွင် စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲများ ကြီးကြီးမားမားမရှိ သော်လည်း စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်များက အရပ်သားပြည်သူများသွားလာနေထိုင်ရာနေရာများတွင် မိုင်းထောင်ခဲ့၍ မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများ၏ အန္တရာယ်မှာ ဆက်လက်ရှိနေသေးသည်ဟု ထုတ်ပြန်သည်။

မိုင်းမတော်တဆ နင်းမိ၍ ယမန်နေ့များအတွင်း ကန့်၊ တုန်ရှမ်းဒေသ၊ ရှင်ကိုင်ကျေးရွာ၊ တာတုန့်ကျိုက်ရပ်ကွက်ရှိ အရပ်သားပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးသည်။

ရက္ခိုင်ပြည်နယ်တွင်လည်း ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ “တပ်မ (၂၂)” လက်အောက်ခံတပ်ဖွဲ့ဝင်များမှ ဇန်နဝါရီ ၁၇ရက်ညပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ဒေသခံ လူငယ်တစ်ဦး ဒဏ်ရာရခဲ့သည်ဟုသိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီသည် ရက္ခိုင်ဒေသတွင်းရှိ မြို့နယ်အချို့၌ ဆက်သွယ်ရေးလိုင်းများအား ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ထား၍ များစွာစိုးရိမ်နေရကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီအနေဖြင့် ထိုသို့ ဆက်သွယ်ရေးအင်တာနက်လိုင်းများ ဖြတ်တောက်ထားချိန်များ၌ ပြည်သူအပေါ် စစ်ရာဇဝတ်မှုများ ပိုမိုကျူးလွန်တက်သည်ကိုယခင်အထောက်အထားများကို ကြုံတွေ့ခဲ့ရဖူးကြောင်း ဖော်ပြသည်။

(​လောက်ကိုင်မြို့ကို ညီ​​နောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ပြီး​နောက် မြင်ကွင်း။ဓါတ်ပုံ-MNDAA ၊CJ )


Comments

Leave a Reply

Your email address will not be published. Required fields are marked *