ဖားကန့်မြို့နယ် ဝှေခါရွာမှ စစ်ကောင်စီတပ်စခန်းကုန်းကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့(ဇန်နဝါရီလ ၁၈ရက်) ညနေ ၄နာရီခန့်မှ စတင်တိုက်ခိုက်ခဲ့ပြီး ညအထိ တိုက်ပွဲပြင်းထန်နေကြောင်းဒေသခံအချို့ကပြောသည်။
” ၄နာရီက စတိုက်တာ။ စစ်တပ်ကုန်းကို။ ရဲစခန်းကုန်းရ အရင်ရက်က ရပြီးပြီ” ဟု KIA၊PDF ပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
ဝှေခါရွာစစ်တပ်စခန်းကုန်းကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့ကဇန်နဝါရီ ၆ရက်နံနက် ၅နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုစခန်းမှ ရဲများသည် ဝှေခါရွာစစ်တပ်စခန်းကုန်းသို့ သွားရောက်ပူးပေါင်းခဲ့ကြသည်။ ဝှေခါရဲစခန်းကုန်းတိုက်ခိုက်သိမ်းပိုက်ခံရသည့်နေ့က စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဇန်နဝါရီ ၁၈ ညတွင်လည်း စစ်ကောင်စီလေယာဉ်နှစ်စီးဖြင့် ဗုံးလာကြဲကြောင်းဒေသခံများပြောသည်။
“နှစ်စီးရှိပါပြီ။ အရမ်းပစ်နေတာပါ။ အပြင်မထွက်ရဲလို့ ကျန်တာမသိရသေးပါ”ဟု ဒေသခံတစ်ဦးကပြောသည်။
သို့သော်တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကို မသိရှိရသေးပေ။ ဖားကန့်ဒေသလတ်တလော စစ်ရေးအခြေအနေကို အသေးစိတ်မပြောလိုသော်လည်း ဖားကန့်မြို့နယ်အတွင်း KIA မှဦးဆောင်ပြီး စစ်ရေးလှုပ်ရှားမှုရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့နံနက်တွင် ပြောသည်။
Leave a Reply