ဖားကန့် ဝှေခါစစ်တပ်ကုန်းကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက် ၊ စစ်ကောင်စီကလေကြောင်းမှဗုံးကြဲနေ

ဖားကန့်မြို့နယ် ဝှေခါရွာမှ စစ်​ကောင်စီတပ်စခန်းကုန်းကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့(ဇန်နဝါရီလ ၁၈ရက်) ညနေ ၄နာရီခန့်မှ စတင်တိုက်ခိုက်ခဲ့ပြီး ညအထိ တိုက်ပွဲပြင်းထန်နေကြောင်း​ဒေသခံအချို့က​ပြောသည်။

” ၄နာရီက စတိုက်တာ။ စစ်တပ်ကုန်းကို။ ရဲစခန်းကုန်းရ အရင်ရက်က ရပြီးပြီ” ဟု KIA၊PDF ပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

ဝှေခါရွာစစ်တပ်စခန်းကုန်းကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့ကဇန်နဝါရီ ၆ရက်နံနက် ၅နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုစခန်းမှ ရဲများသည် ဝှေခါရွာစစ်တပ်စခန်းကုန်းသို့ သွားရောက်ပူးပေါင်းခဲ့ကြသည်။ ဝှေခါရဲစခန်းကုန်းတိုက်ခိုက်သိမ်းပိုက်ခံရသည့်နေ့က စစ်​ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဇန်နဝါရီ ၁၈ ညတွင်လည်း စစ်ကောင်စီလေယာဉ်နှစ်စီးဖြင့် ဗုံးလာကြဲကြောင်းဒေသခံများပြောသည်။

“နှစ်စီးရှိပါပြီ။ အရမ်းပစ်နေတာပါ။ အပြင်မထွက်ရဲလို့ ကျန်တာမသိရသေးပါ”ဟု ဒေသခံတစ်ဦးကပြောသည်။

သို့​သော်တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကို မသိရှိရသေးပေ။ ဖားကန့်ဒေသလတ်တလော စစ်ရေးအခြေအနေကို အသေးစိတ်မပြောလိုသော်လည်း ဖားကန့်မြို့နယ်အတွင်း KIA မှဦး‌ဆောင်ပြီး စစ်ရေးလှုပ်ရှားမှုရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့နံနက်တွင် ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *