ရေးမြို့နယ်ရှိ ကြိုးတံတားစစ်ဆေးရေးဂိတ်စခန်းကို ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းယူကာ မီးရှို့ဖျက်ဆီး

မွန်ပြည်နယ်၊ ရေးမြို့နယ် အထွက် ကြိုးတံတားတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ တွင် တိုက်ခိုက်သိမ်းယူကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

“စစ်ဆေးရေးဂိတ်မှာ၂၀ နဲ့ ၃၀ ကြားရှိပါတယ်ဗျ။ ၁၀ ယောက်တော့ ကျသွားတယ်။ ကျန်တာ အနောက်ချောင်းရိုးဘက်ကို ထွက်ပြေးသွားခဲ့ပါတယ်” ဟု မွန်ပြည်တော်လှန်ရေးတပ် MSRO ပြန်ကြားရေးတာဝန်ခံ ကိုဒီဃာကပြောသည်။

ယနေ့နံနက် ၇ နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ ၆၀မမ လက်နက်ကြီး ပြောင်းရှည်တလက်၊ ၆၀ မမ စိန်ပြောင်း တလက်၊ သေနတ် သုံးလက်၊ ခဲယမ်းကျည်ဆံများနှင့် ဆိုင်ကယ် နှစ်စီး သိမ်းဆည်းရမိခဲ့ပြီး ယင်းစခန်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့အတူ တိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင်လေးဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခမရ (၅၈၈) နှင့် ခမရ (၃၄၃) တို့မှ လက်နက်ကြီးဖြင့် အကြိမ်ရေ ၄၀ ထက်မနည်း ပစ်ခတ််ခဲ့ပြီး Mi35 ရဟတ်ယာဉ်ဖြင့်လည်း လှည့်ပတ်
ကြည့်ရှုသွားသည်ဟု ရေးပြောက်ကျားတပ် YGF မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်စောခေတ်သစ်က မဇ္ဈိမကို ပြောသည်။

အဆိုပါ စစ်ကောင်စီစခန်းကို ရေးမြို့နယ် အခြေစိုက် တော်လှန်ရေးမဟာမိတ်တပ်များ ဖြစ်ကြသည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် (YGF) ၊ ABSDF တပ်ရင်း (၁) ၊ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း (MSRO) ၊ Ye Defence Force (YDF) နှင့် ရေးသိမ်းငှက်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ နံနက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားနေသဖြင့် ရေး-သံဖြူဇရပ်ကားလမ်း ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း လည်း ဒေသခံများထံမှ သိရသည်။

ယခု မီးရှို့ဖျက်ဆီးခံရသည့် စစ်ကောင်စီ၏ ကြိုးတံတား စစ်ကောင်စီစခန်းသည် ရေးမြို့နယ် အထွက် ရေး-သံဖြူဇရပ် ကားလမ်းတွင် တည်ရှိပြီး ခရီးသွားများထံမှ ငွေကြေးတောင်းခံမှုများ ရှိကြောင်း သိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top